ရခိုင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ တာဝန်ပြန်လည်ထမ်းဆောင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်။

တပ်မတော်မှ ဖမ်းဆီးထားခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး ပြန်လည်လွှတ်မြောက်လာသည့် အတွက် နှုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့  တာဝန်များကို ပြန်လည် ထမ်းဆောင် တော့မည်ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

မြောက်ဦးမြို့၊ ကျောက်ကြပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်က“ဌာနဆိုင်ရာတွေနဲ့ အကုန် လုံး ပြောပြီးသွားပြီလေ။ ဖမ်းထားတဲ့လူတွေလည်း ပြန်လွှတ်ပေးပြီလေ။ ကိုယ့်ကျေးရွာ အုပ်ချုပ်ရေးပိုင်း လည်း မထိခိုက်စေချင်လို့ပါ”ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ဦးခန့်က မိမိတို့၏ နဂိုတာဝန်များကို ပြန်လည် ထမ်းဆောင်သွားမည်ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း  အုပ်ချုပ်ရေးမှူး ၄ ဦးဖမ်းဆီးခံခဲ့ရပြီးနောက် မြောက်ဦးမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၁၀၀ ခန့်တို့က မတ်လ (၁) ရက်နေ့က နှုတ်ထွက်စာ တင်ခဲ့ကြခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် အုပ်ချုပ်ရေးမှူး ၄ ဦးမှာ မတ်လ ၈ ရက်နေ့က ပြန်လည် လွှတ်မြောက်လာပြီ ဖြစ်သည့်အပြင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ယခုလ လလယ်ပိုင်းတွင် တာဝန်များပြန်လည် ထမ်းဆောင်ကြရန် အကြောင်းကြားခဲ့သည်ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် အစိုးရကလည်း နှုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ညွှန်ကြားထားသည် ဟု ဦးစိန်အောင်ကျော် က ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

သို့သော်လည်း နှုတ်ထွက်ထားသူများအထဲမှ ၃၀ ခန့်မှာ တာဝန်ပြန်လည် ထမ်းဆောင်မည် မဟုတ်ကြောင်း ပြောသည်။ မြောက်ဦးမြို့၊ သံရှပ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက“ကျနော်တို့ မြောက်ဦးမှာ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က အုပ်ချုပ်ရေးမှူး ၇၀ လောက်ပေါ့၊ သူတို့ပြန်ပြီးတော့ ဝင်သွားကြတယ်လေ။ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့ ဝင်သွားကြတာပါ။ ကျန်တာက ၃၀ နီးပါးလောက် ကျန်မယ်ထင်တယ်။ ကျနော်ကတော့ ပြန်ပြီး တာဝန်ထမ်းဆောင်တဲ့အထဲမှာ မပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့အချိန်ထိ နယ်မြေမတည်ငြိမ်းသေးပဲ တိုက်ပွဲများလည်း ပြင်းထန်စွာဖြစ် ပွားနေသေးသည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံမှုမရှိခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအပေါ် ကာကွယ်ပေး မည့် သူများ မရှိခြင်းတို့ကြောင့် အချို့မှာ ပြန်လည်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်သေးဘူးဟု ဦးခင်မောင်ဆန်း က ဆက်ပြောသည်။

“ကျနော်ထွက်တာက နယ်မြေမလုံခြုံလို့၊ ကိုယ်ကိုကိုယ် လုံခြုံမှုမရှိလို့၊ နောက်ပြီး ကျနော်တို့ ဒီအုပ်ချုပ် ရေးမှူးတွေကို ကာကွယ်ပေးမယ့်သူတွေ၊ အဖွဲ့အစည်းတွေ မရှိလို့၊ ပစ်မှတ်ထားခံလာရတာတွေရယ် အဲ့ဒါတွေကြောင့် ကျနော်တို့က နှုတ်ထွက်ထားတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက အရင်အခြေအနေထပ် ပိုပြီးတော့ ဆိုးရွားနေတယ်။ အဲ့လိုဆိုးရွာနေတာကို ပြန်ပြီးတော့ တာဝန်ထမ်း ဆောင်ရမှာက လုံးဝလုံးဝကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် တချို့တွေပြန်ပြီး ဝင်သွားတာကိုတော့ သူတို့ကို မေးရင် ပိုပြီးအဆင်ပြေလိမ့်မယ်။”

 မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ယနေ့နံနက်ပိုင်း အချိန်ထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း၊ လက်နက်ကြီးငယ်သံများ ကြားနေရကြောင်း၊ ထို့အပြင် ဒေသခံရွာသားများ ထိခိုက်သေဆုံးမှုများ၊ သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ စစ်ဆေးမှုများနှင့် ခြိမ်းခြောက်မှုများ ကြုံနေရသည် ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားလာပြီးနောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအားဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ တရားစွဲဆိုခြင်း များ ပြုလုပ်လာသည့်အတွက် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် တာဝန်များ မှ နှုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။