လိပ်ကျွန်းလူသတ်မှု အယူခံ တစ်နှစ်ပြည့်သော်လည်း အမိန့်မချနိုင်သေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဧပြီလ ၃ ရက်နေ့၊ ၂၀၁၉ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့၏ နောက်ဆုံး အယူခံတင်ထားမှုအပေါ် ထိုင်းအဆင့်မြင့် တရားရုံးမှ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း ယနေ့အချိန်အထိ အမိန့်မချမှတ်နိုင်သေးဟု သိရသည်။
၂၀၁၈ခုနှစ် မတ်လ ၂၃ ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးသို့ ထိုင်းအစိုးရရှေ့နေဖက်မှ အယူခံ ခုခံလျှောက်လဲချက် တင်သွင်းခဲ့ပြီးနောက် အပြီးသတ်အမိန့်ချမှတ်ရန် ကျန်ရှိနေသော်လည်း ယနေ့ အချိန်ထိ တစ်စုံတရာ အကြောင်းကြားလာခြင်းမရှိသေးဟု မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
“လောလောဆယ်မှာတော့ ထူးခြားချက်တော့ မရှိသေးပါဘူး၊ ဒါပေမယ့် အန်ကယ် ပြောသလိုပေါ့၊ တကယ်တမ်း သူတို့ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဆိုရင် ဒီ နှစ်ဖက် တရားလို နဲ့ တရားခံ ဖက်က ရှေ့နေတွေ လျှောက်လဲချက် တင်ပြီးလို့ရှိရင် ၆ လလောက်ဆို အမိန့်ချမှတ်တာပါ၊” ဟု ဦးအောင်မျိုးသန့်က ပြောသည်။ “ဒီအမှုဟာ အခုဟာ တစ်နှစ်လောက်ကို ရှိနေပါပြီး၊ အဲ့တော့ သူတို့နိုင်ငံ ဥပဒေအရဆိုရင်တော့ ဒီလို အမိန့်ချခါနီးကို နှစ်ဖက် တရားလို တရားခံတွေဆီကို အကြောင်းကြားတယ်၊ ပြီးရင် ၁၄ ရက်ပြည့်ရင် အမိန့်ချတာရှိပါတယ်။ ဒါပေမယ့် အခုဟာက အဲ့လို အကြောင်းကြားတာလည်း မရှိသေးပါဘူး၊”ဟု ဆက်ပြောသည်။
သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ အယူခံ တင်သွင်းမှုအပေါ် ထိုင်းအစိုးရ ရှေ့နေဖက်က ခုခံချေပ လျှောက်လဲချက်တင်ရန် ထိုင်းအဆင့်မြင့်တရားရုံးမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် နောက်ဆုံးထား တင်ရန် သတ်မှတ်ခဲ့သော်လည်း အဆင်သင့်မဖြစ်ခြင်း၊ ထိုင်းရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေခြင်း စသည့် အကြောင်းပြချက်များဖြင့် ၆ လကြာ ရက်တိုးတောင်းယူခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းအစိုးရ ရှေ့နေဖက်မှ အယူခံ ခုခံချေပသည့် လျှောက်လဲချက် တင်ခဲ့ပြီး ထိုင်းအဆင့်မြင့်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က “တကယ်တော့ မကြာသင့်ပဲ ကြာတဲ့အမှုဖြစ်သလိုပဲ ထိုင်းနိုင်ငံကလည်း ရွေးချယ်ပွဲတွေကလည်း အခုဟာ အလုပ်ရှုတ်နေကြတယ်မဟုတ်လား၊ တဖက်မှာ၊ အဲ့ဒါကြောင့်မို့လည်း ဒီဟာ ပိုပြီးတော့ ကြာသွားတယ်လို့ မြင်ပါတယ်။”
ယခုစီရင်ချက်မှာ ထိုင်း ဥပဒေကြောင်းအရ နောက်ဆုံး အယူခံဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ဆက်ပြောသည်။
“နောက်ပြီးတော့ အန်ကယ်တို့ဖက်က ဥပဒေအရ တောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ တရားရုံးအဆင့်ဟာ ဒါနောက်ဆုံးအဆင့်ပါပဲ၊ ဒါကြောင့်မို့လည်း စိတ်ရှည်စွာ စောင့်ရတာပါ။”
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးခံ ခဲ့ရသော မြန်မာနှစ်ဦးသည် စာမျက်နှာ ၃၁၉ မျက်နှာပါရှိသည့် အချက်အလက်များ စုစည်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကော့စမွေ တရားရုံးမှတဆင့် အဆင့်မြင့် ထိုင်းအယူခံတရားရုံးတွင် နောက်ဆုံးအယူခံ တင်ခဲ့သည်။
အန်ကယ်တို့ တနှစ်ခွဲ ၊ ရက်ချိန်းပေါင်း ၅၆ ချိန်းလည်းလိုက်လာခဲ့တယ်၊ နောက်ပြီးတော့ ဒီအမှုနဲ့ပတ်သက်လို့လည်း ကလေးတွေဟာ ပြစ်မှုကျူးလွန်တာ မရှိဘူးဆိုပြီးတော့ တောက်လျှောက် အန်ကယ်တို့ တရားခွင်မှာလည်း ငြင်းဆန်ခဲ့တယ်။ ဒါတင်မကသေးဘူး အများက ဒီ တရားလိုပြသက်သေတွေ အများကနေပြီးတော့ ပေါက်တူးဟာ လူသတ်လက်နက်ပါလို့ ပြောတဲ့အထဲမှာကို ဒီပေါက်တူးပေါ်မှာ အန်ကယ်တို့ ကလေးတွေရဲ့ DNA မတွေ့ဘူး ဆိုကတည်းက အန်ကယ်တို့ကလေးတွေဟာ ဘေးကင်းစင် တယ် ဒါကြောင့်မို့ ဒီအမှုက တရားသေ လွတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ဟု အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။
နောက်ဆုံး အယူခံမှ ပယ်ချခံခဲ့ရသည်ရှိသော် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ပြင်ဆင်ဆောင်ရွက်ထားကြောင်းလည်း အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။
ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ် မေလာ နှင့် ဟန်နာ ဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီး ထိုင်းရှေ့နေများ ပူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့သည် လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားသည်။