စစ်ဘေးရှောင်အချို့ နေရပ်ပြန်ရန် အိမ်များမရှိတော့သဖြင့် အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်။
မူရင်းနေအိမ်များ မရှိတော့သဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ နေရပ်ရင်း ပြန်မည့် ဒုက္ခသည်အချို့ အခက် တွေ့နေရသည်။
နမ့်ခမ်းမြို့နယ် ပန်လုံ (KBC) စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ ဧပြီလ တတိယအပတ်အတွင်း နေရပ်ပြန်ရန် စီစဉ်ထားသော်လည်း အိမ်ခြေတစ်ရာကျော်ခန့်မှာ တိုက်ပွဲအတွင်း ပျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင် စခန်း လက်ထောက်မန်နေဂျာ ဦးဖန်လာက ပြောသည်။
“ရွာမှာ အိမ်မရှိတော့တဲ့လူတွေအရမ်းများနေတယ်။ အိမ်မရှိဘူးဆိုတာက ပျက်ဆီးကုန်တာပါ။ ဒါကြောင့်အခုက အိမ်ရှိနေတဲ့လူတွေအရင် ပြန်ဖို့စီစဉ်ထားတယ်။ အခုက ဧပြီလ ၂၂ ရက်နေ့ ပြန်ဖို့စီစဉ်ထားတာပါ။” ဟု ဦးဖန်လာက ပြောသည်။ “အိမ်ထောင်စု ၄၀ ကျော်က အိမ်လုံးဝမရှိတော့ဘူး။ ယန့်ဝူးနဲ့ ကတော့ကောင်ရွာကလေ။ တစ်ရာကျော်ပြန်ဖို့စီစဉ်ထားတာက နေ လေးဆယ်ကျော်မရှိတော့ဘူး။ ကျန်းကားနဲ့ မော်ဆွေရွာကဆိုရင် အိမ်တွေ တစ်လုံးမှမရှိတော့ဘူး။” ဟု ဆက်ပြောသည်။
အိမ်များ မပျက်စီးပဲ ကျန်ရစ်သော အိမ်ထောင်စု ၄၀ ကျော်မှာ ယခုလ ၂၂ ရက်တွင် ပြန်ကြမည်ဟု ပြောသည်။
အိမ်ထောင်စု ၁၁၄ စုက နေရပ်ပြန်ရန်စာရင်းပေးသွင်းထားရမှ အိမ်ထောင်စု ၄၀ သည် ပထမအသုတ်အနေဖြင့် နေရပ်ပြန်လည်နေထိုင်ရန် စီစဉ်ထားပြီး သက်ဆိုင်ရာ အစိုးရထံလည်း စာရင်းပေးပို့ထားပြီ ဟု ဦးဖန်လာ က ပြောသည်။
ပန်လုံ (KBC) စစ်ရှောင်စခန်းတွင် ကတော့ကောင်၊ ယန်ဝူး၊ မော်ဆွေ၊ ဒိန်ဂါနှင့် ကျန်းကား စသည့် ကျေးရွာ (၅) မှ စစ်ဘေးရှောင် ၅၄၃ ဦးနေထိုင်လျက်ရှိသည်။ ကျေးရွာ ၅ ရွာမှ ၄ ရွာက အိမ်ထောင်စု တစ်ရာကျော် နေရပ်ပြန်လည်နေထိုင်ရေး စာရင်းပေးထားခဲ့ခြင်း ဖြစ်သည်။
စစ်ဘေးရှောင် ဒေါ်ကိုင်လွမ့်က “ကျမတို့က အိမ်ပြန်ချင်တာပေါ့နော်၊ စာရင်းတော့ပေးထားတယ်။ တိုက်ပွဲကလည်း ပြန်ဖြစ်မှာကို စိတ်ပူတာလေ။ တလောက အိမ်ပြန်ကြည့်တုန်းကဆိုရင် စစ်သားတွေ ရှိနေသေးတယ်လေ။ ပြီးတော့ အိမ်ထဲက ပစ္စည်းတွေအားလုံးမရှိတော့ဘူး။ ဓားတွေ၊ ပလိုင်းတွေ အကုန်ယူသွားပြီ။ အိမ်ကလည်း ပျက်နေပြီ” ဟု ပြောသည်။
အစိုးရက ပြဌာန်းလိုက်သည့် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအပြင် ဒေသတွင်း လုပ်ဆောင်မယ့် ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်မယ့် အစီအစဉ်များကြောင့် ၎င်းတို့ နေထိုင် လုပ်ကိုင် စားသောက်ခဲ့သည့် မြေနေရာများ ဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့နေရပ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အချို့က ပြောသည်။
ပန်လုံ (KBC) စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အစိုးရ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို အကူအညီပေးဖို့ တောင်းဆိုထားသည်ဟု စခန်းတာဝန်ခံများက ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် တပ်မတော်မှ ကြေညာထားသည့် အပစ်ရပ် လေးလတာကာလအတွင်း နေရပ်ပြန် နိုင်ရေး စီစဉ်ရခြင်းဖြစ်သည်ဟု ပြောသည်။
အစိုးရတပ်မတော်အနေဖြင့် ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်း (၅) ခုတွင် လေးလကြာ အပစ်ခတ်ရပ်စဲထားပြီး စစ် ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသော်လည်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာပိုင်ကမှ အာမခံချက်မပေးသလို မြေမြှုပ်မိုင်းပြဿနာများ၊ ယနေ့အချိန်ထိ နယ်မြေအတွင်း မငြိမ်းချမ်းမှုနှင့် အခြားစားဝတ်နေရေး အခက်အခဲအမျိုးမျိုးလည်း ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ပန်လုံစစ်ရှောင် စခန်းမှ စစ်ဘေးရှောင်များသည် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO) တို့ အကြား ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး လာကြရခြင်းဖြစ် သည်။
ပန်လုံစစ်ရှောင်စခန်းတွင် ၅ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး နေရပ်ပြန်လည်နေထိုင်နိုင်ရေး ၂၀၁၉ နှစ်ဆန်းပိုင်းကစတင်၍ ကြိုးစားလာခဲ့ကြခြင်းဖြစ်သည်။