“ဝ” အခြေအနေသည် အခြားတိုင်းရင်းသားများအတွက် အားကျဖွယ်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်။
“ဝ”ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိနေသည့် အခြေအနေသည် တိုင်းရင်းသားတိုင်းအားကျနိုင်လောက်သည့်အခြေအနေဖြစ်နေသည့်အတွက်အခြား တိုင်းရင်းသားများအနေဖြင့်လက်နက်ကိုင်အင်အားတောင့်တင်းမှရမည်ဆိုသည့်အခြေအနေမျိုး ဖြစ်လာမည်ကို စိုးရိမ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများနှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
နှစ် ၃၀ ပြည့် “ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု အခမ်းအနားသို့ တက်ရောက်လာသည့် မွန်ပြည် သစ်ပါတီ NMSP ဒု-ဥက္ကဌ နိုင်ဟံသာက “ ‘ဝ’ မှာ သူတို့ရထား တဲ့ အခွင့်အရေးက ကြည့်ရတာ ဖက်ဒရယ် ထက်တောင် ပိုတယ်ပေါ့နော်၊ ကွန်ဖက်ဒရေးရှင်း အဆင့်မျိုးဖြစ်နေတော့ တခြားအဖွဲ့တွေကလည်း ဒီလို အခြေအနေမျိုးကို တောင်းချင်တာပေါ့လေ။ တဖက်က အစိုးရအနေနဲ့ပေါ့ နော် အဖွဲ့အစည်းတိုင်းကို တန်းတူ အခွင့်အရေးမျိုးပေးရင် ‘ဝ’ ကို ဒီလိုပေးရင် တခြားအဖွဲ့အစည်းကိုလည်း ပေးရမယ်ဆိုတဲ့ ခံယူချက်မျိုးလည်း ဒါကတော့ ရှိတယ်လေ။” ဟု ပြောသည်။
“အားကြီးလို့အခွင့်အရေးပိုပေးတယ်၊ အားငယ်လို့ အခွင့်အရေးမပေးဘူးဆိုရင် လူတွေက မကျေနပ်ကြတော့ဘူးလေ၊ မကျေနပ်တော့ အားပိုမွေးရမယ်ဆိုရင် သဘောကတော့ စစ်အင်အားကိုပဲ တိုးချဲ့ ရမယ်ဆိုတဲ့ အနေအထားမျိုးတွေ အတွေးအခေါ်တွေက ဝင်လာရင် ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စက တစ်စို့သွားနိုင်တယ်၊ ခက်ခဲသွားနိုင်တယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။
“ဝ” ဒေသ၏ လက်ရှိအခြေအနေများသည် မြန်မာနိုင်ငံရှိ အခြားသော မည်သည့် တိုင်းရင်းသားမှ မရရှိခဲ့သည့် အခြေအနေမျိုးဖြစ်ပြီး လက်ရှိတွင် အင်အားအကြီးဆုံးသော လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သီးသန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စီမံခွင့်ရရှိနေသည့် အနေအထားမျိုးဖြစ်သည်ဟု အခမ်းအနားတက်ရောက်လာသည့် နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။
လက်ရှိ “ဝ” ဒေသအခြေအနေနှင့် ပတ်သက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ့နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ဘာပဲပြောပြော၂၄နာရီမီးရတယ်၊တယ်လီဖုန်းလိုင်းတွေတလျှောက် လုံးရတယ်။လမ်းပန်းဆက်သွယ်ရေးဆိုလည်းဒီ“ဝ” ဒေသနဲ့မိုင်းလားဒေသအတွင်းမှာရှိတဲ့ကားလမ်းတွေကရှမ်းပြည်နယ်မှာအကောင်းဆုံးကားလမ်းတွေပဲ။သူတို့ဟာသူတို့ဖောက်ထားနိုင်တယ်။ဒီလိုအနေအထားမျိုး မှာကိုယ့်တိုင်းကိုယ့်ဒေသကိုယ့်လူမျိုးရှိတယ်။ဒီနယ်မြေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်။ဒီဒေသကထွက်တဲ့သယံဇာတတွေကိုကောင်းကောင်းအသုံးချနိုင်တာဒေသကိုခေတ်မှီဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တာ၊ကျန်တဲ့ တိုင်းရင်းသားတွေကငါတို့လည်းပဲငါတို့ဒေသကိုအဲ့လိုအုပ်ချုပ်ခွင့်ရရင်ကောင်းမှာပဲဆိုတဲ့အတွေးကတော့သေချာပေါက်ဝင်မှာပဲ။အဲ့တော့ဒါကတော့AA ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့“ဝ” ပုံစံမျိုးကွန်ဖက်ဒရိတ် လိုချင်တယ်ဆိုတာဒါကိုဆိုလိုကြတာ”ဟု ပြောသည်။
“ဝ” ပြည်ဒေသသည် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်နှင့်လယ်ယာ၊ ကုန်ထုတ်လုပ်ငန်း၊ မြို့ ပြအခြေခံ အဆောက်အဦများ တည်ဆောက်ရေးတို့ကို စနစ်တကျ လုပ်ဆောင်ထား နိုင်ပြီ ဖြစ်သည်ဟု UWSP/UWSA က ပြောသည်။
ထို့အပြင် “ဝ” ပြည်နယ်အတွက် အခြေခံဥပဒေကို ရေးဆွဲပြဌာန်းနိုင်ထားပြီဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ်၊ ပြည်ပနှင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ဖြစ်နေပြီဟု ဧပြီလ (၁၇) ရက်နေ့တွင် ကျင်းပသည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး တည်ဆောက်မှု အခမ်းအနား မိန့်ခွန့်တွင် UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
UWSP/UWSA “ဝ” ဒေသကဲ့သို့သော စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ပေးလိုက်မည်ဆိုပါက ပြည်တွင်းစစ်ငြိမ်းသွားနိုင်ပြီး၊ အခြားသော တိုင်းရင်းသားပြည်နယ်များလည်း “ဝ” ဒေသကဲ့သို့ တိုးတက်လာ နိုင်မည်ဟု နိုင်ဟံသာ က ပြောသည်။
စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားအားလုံးကို တန်းတူအခွင့်အရေးပေးဖို့လိုအပ်ကြောင်း၊ တိုင်းရင်းသားပြည်နယ်တိုင်းတွင် လက်ရှိမြန်မာနိုင်ငံတွင် ပင်လုံစာချုပ်၏ ကတိကဝတ်များအား အလေးမထားပဲ လူမျိုးကြီးဝါဒကိုသာ ကိုင်ဆွဲနေခြင်းကြောင့် ငြိမ်းချမ်းရေးအတွက် နှောင့်နှေးနေရခြင်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗိုလ်မှူးကြီးဆော်လမွန်ကလည်း“မြန်မာနိုင်ငံမှာ ချင်းပြည်နယ်က အဆင်းရဲ ဆုံး၊ ဒီ ‘ဝ’ ဒေသတွေလည်း ၈၀-၈၂ တုန်းက ကျနော် ဒီဘက်မှာ နေခဲ့ဘူးတယ်။ အဲ့တုန်းက ဒီလောက်မဟုတ် သေးဘူး။ အခုသူတို့က သူတို့ဟာသူတို့ ကြိုးစားလို့ ဒီအစိုးရတွေကလည်း ကူညီမှုနဲ့ ဒီလိုကြီး ဖြစ်လာတာ။ အဲ့ဒါတွေ ကျနော်ပြောချင်တာက ကျနော်တို့ ချင်းတွေလည်းရပါတယ်။ ဘယ်တိုင်းရင်းသားမဆို ရပါတယ်။ ကိုယ့်ဟာကိုယ်ဖန်တီးလို့ရတဲ့ အချိန်ပါ၊ ဒီကမ္ဘာကြီးကလည်း အကုန်လုံးပွင့်လင်းလာပြီ။ အဲ့အပေါ်မှာ စိတ်ချပါ၊ အားလုံးကိုယ့်လူမျိုးစု ကိုယ့်မျိုးနွယ်စု ကိုယ့်ရဲ့ ဘာသာရေး ကိုယ့်ရဲ့ ဒေသတွေ ဖွံ့ဖြိုးဖို့အတွက်တော့ ကျနော်တို့ တိုင်းရင်းသားတွေ အကနု်လုံး လုပ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားများ အနေဖြင့် နှစ်ပေါင်း ၇၀ ကျော်တောင်းဆိုလာသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးတို့အတွက် “ဝ” ၏ အခြေအနေများအား ပုံဥပမာယူကာ လက်နက်အင်အားတောင့်တင်းရေး ပြင်ဆင်ကြိုးပမ်းလာနိုင်သည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
“အဲ့တော့ဒီမှာကတော့ဒါကိုလိုချင်ရင်လက်နက်ကိုင်မှရမယ်ဆိုတဲ့အတွေးမျိုးဘက်ကိုရောက်သွားမှာကိုကျနော်တို့ကပိုစိုးရိမ်ပါတယ်။တကယ်တမ်းလိုအပ်တာကတော့အခြေခံဥပဒေမှာတိုင်းရင်းသားအခွင့်အရေး တွေနဲ့ပတ်သက်တဲ့တန်းတူရေးပြဿနာ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ၊ကိုယ်ပိုင်ပြဌာန်းခွင့်ပြဿနာနဲ့ပတ်သက်ပြီးတော့ကျနော်တို့အလေးအနက်စဉ်းစားပြီးတော့ပြုပြင်ပြီးတော့စဉ်းစားသွားမယ်ဆိုရင်တော့ဒီအကြပ်အတည်းကိုကျော်လွှားနိုင်မယ်လို့ထင်ပါတယ်။”
UWSA သည် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များထဲတွင် အင်အား အတောင့်တင်းဆုံးဖြစ်ပြီး စစ်အင်အား သုံးသောင်းခွဲခန့်ရှိသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးအခမ်းအနားတွင် စစ်ရေးပြအခန်းအနားပါဝင်ပြီး မောင်းသူမဲ့လေယာဉ်များ၊ လေယာဉ်ပစ်အမြောက်ကြီးများ၊ ဝေဟင်ပစ်ဒုံးကျည်များ၊ လက်ဖြောင့် သေနတ် သမားများ၊ အမြောက်တပ်များ၊ အမျိုးသမီးစစ်သည်များဖြင့် “ဝ” တပ်သား ၈၀၀၀ နီးပါးခန့်က စစ်ရေးပြခဲ့ကြ သည်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပန်ဆန်း (ခေါ်) ပန်ခမ်းမြို့ တွင် ဧပြီလ ၁၇ ရက်နေ့ (ယနေ့)တွင် နှစ် (၃၀) ပြည့် အခမ်းအနားကျင်းပခြင်းဖြစ်ပြီး လူဦးရေ ၂၀၀၀၀ ကျော်တက်ရောက်ခဲ့သည်။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီက ခွဲထွက်ကာ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ခြင်း နှစ် (၃၀) ပြည့်ခဲ့ခြင်း ဖြစ်သည်။