ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

နမ့်ခမ်းမြို့နယ်အတွင်းတွင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ်မြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့ ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးလေး ရက်ခန့် ရှိနေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ ဒီလ ၁၈ ရက်ကနေ စဖြစ်တာပေါ့ နည်းနည်းနားလိုက် ပြန်ဖြစ်လိုက် နားလိုက်ပြန်ဖြစ် လိုက် အဲလိုဖြစ်တာ ဖြစ်တာကတော့ ကျနော်တို့ ကေအိုင်အေ တပ်မဟာ ၆ နယ်မြေပေါ့နော တပ်ရင်း ၉ ရယ် တပ်ရင်း ၃၆ နယ်မြေတစ်ဝိုက်မှာပေါ့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်တာ ခုနပြောသလိုပေါ့ ၁၈ ရက်နေ့ဖြစ်တယ် ၂၀ ၊ ၂၁ ၊ ၂၂ သုံးရက်ကတော့ ကြိုကြားကြိုကြားတွေ ဖြစ်တာပေါ့။”

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ပြီး ကချင်ပြည်နယ်ဖက်တွင် စစ်ရေး အခြေအနေ တည်ငြိမ်နေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့်လည်း နမ့်ခမ်းမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“ဒီနေ့ဖြစ်တယ်။ နမ့်ခမ်းမြို့နယ် နန်စီးရွာ အထက်နားမှာ တိုက်ပွဲငယ်တော့ ဖြစ်တယ်။ ဖြစ်တာကတော့ မိနစ်ပိုင်းပဲဖြစ်တယ် ၁၅ မိနစ်၊ မိနစ် ၂၀ အဲလောက်ပဲဖြစ်တယ်။ တိုက်ပွဲကတော့ ၁ နေရာပဲဖြစ်တယ် ဖြစ်တာကတော့ နေ့လည် တစ်နာရီလောက်ကပေါ့နော်။”

တပ်မတော်ဖက်မှ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း တပ်မတာ်ဖက်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသပတ်ဝန်းကျင် အနီးတစ်ဝိုက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည် ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“တိုက်ပွဲငယ်ဆိုပေမယ့် လည်း တိုက်ပွဲဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့တပ်မတော်က နမ့်ခမ်းစခန်းသစ် တပ်ကုန်းကနေပြီး အဲဖက်ကို လက်နက်ကြီး အချက်ပေါင်း ၂၀ နီးပါးပေါ့နော လှမ်းပြီးတော့ပစ်တယ်။ ညနေ ၂ နာရီ ၃ နာရီ ကျော်ကျော်အထိက စခန်းသစ်ကုန်းဖက်ကနေ ပြီးမှ အဲဖက်ဒေသကို လှမ်းပြီးမှ ကျေးရွာ ပတ်ဝန်းကျင် တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်မှုတွေတော့ ဆက်တိုက်လုပ်နေတယ်။”

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနဲ့ ပတ်သက်ပြီး သိရှိနိုင်ရန် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ကို ဆက်သွယ်၍ မရသေးသကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ သဘောထား ထုတ်ပြန်ထားခြင်း မရှိပေ။

ယခုရက်အတွင်း တပ်မတော်နှင့် တိုက်ပွဲပြန်လည် ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မ တီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် ကြိဂံဒေသတိုင်းစသည့် စစ်တိုင်း(၅) တိုင်းတို့တွင် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရှေးလှုပ်ရှားမှုများကို (၄) လကြာ တပ်မတော်က ရပ်ဆိုင်းခဲ့ရာ၊ ၄ လပြည့်ပြီဖြစ်သည်။

ထို့အပြင် FPNCC အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA နှင့် တပ်မတော်တို့မှာလည်း ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ သုံးသောင်းလေးထောင်ကျော် ခန့်က နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု အကူအညီပေးရေး အဖွဲ့များက ပြောသည်။