တပ်မတော်နှင့် ပတ်သက်သည့် ပြောဆိုမှုများအတွက် စောင့်ကြည့်ခံနေရဟု အမျိုးသမီး အဖွဲ့များ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်။

တပ်မတော်နှင့် ပတ်သက်၍ ပြောဆိုမှုများတွင် စောင့်ကြည့်ခံနေရသည့် အပြင် တိုက်ပွဲဖြစ်ပွားနေသော ဒေသအတွင်း လှုပ်ရှားနေသည့် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ခြိမ်းခြောက်မှုများကို ခံနေရသည်ဟု WLB က ပြောသည်။

“ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက တစ်စုံတစ်ရာ လုပ်ပြီဆိုလို့ရှိရင် အဓိကအားဖြင့် ဥပမာ workshop တွေ လုပ်တာပဲဖြစ်ဖြစ် တပ်မတော်ကိစ္စကို ပြောပြီဆိုလို့ရှိရင် အမြဲတမ်း အမြဲတမ်း စောင့်ကြည့် ခံနေရတဲ့ဟာမျိုးတွေရှိတယ်။ ဆိုတော့ တပ်မတော်ကိစ္စကို အထူးသဖြင့် public အဲလိုမျိုး ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့အဆင့်တွေမှာလည်း ရှိတာပေါ့နော်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ် က ပြောသည်။

“ကျမတို့ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေမှာလည်းပဲ တိုင်းရင်းသား နယ်မြေတွေမှာ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆက်လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိတယ် သူတို့အပေါ်မှာ လည်းပဲ အများကြီး ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတာကို ကျမတို့ တွေ့ရတယ်” ဟု လွေးပိုးငယ်က ဆက်ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေသည့် WLB ၏ ဒဿမအကြိမ် မြောက် ညီလာခံအတွင်း သတင်းမီဒီယာများက WLB ၏ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းရာတွင် လွေးပိုးငယ်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်နှင့် ပတ်သက်ပြီး အခမ်းအနားများတွင် သော်လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲ workshop များနှင့် သတင်းမီဒီယာများအား ပြောဆိုရာတွင် ကန့်သတ်ချက်ထားကာ ပြောဆိုနေရသည့် အနေအထားတွင်ရှိနေသည်ဟု လွေးပိုးငယ်က ဆက်ပြောသည်။

“မီဒီယာတွေနဲ့ စကားပြောတဲ့နေရာတွေမှာ သတိထားပြီး ပြောဆိုနေရတဲ့ အပိုင်းတွေလည်း အများကြီးရှိပါ တယ်။ အဲဒီတော့ အားလုံးမြင်တဲ့အတိုင်းပဲ တပ်မတော်ကိစ္စကို ပြောပြီဆိုလို့ရှိရင် ထောင်ရောက်သွားတဲ့ ခေါင်းဆောင်တွေလည်း အများကြီးရှိသလို သတင်းသမားတွေလည်း အများကြီးရှိတယ် ဆိုတော့ ဒါက ခြိမ်းခြောက်မှုပဲလေ”

လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု သွားနေသည့် ကာလအတွင်း အချို့သော ကန့်သတ်ပိတ်ဆို့မှုများ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အစိုးရ သို့မဟုတ် ကျူးလွန် ဖောက်ဖျတ် သူများအား WLB အနေဖြင့် ထောက်ပြ ပြောဆိုမှုများရှိသည်ဟု WLB မှ မူဝါဒရေးရာ ဦးဆောင် အဖွဲ့ဝင် ဒေါ်တင်တင်ညို က ပြောသည်။

“ဒီလိုမျိုးကိစ္စရပ်တွေလုပ်တယ် ပြောတယ် ပြီးတော့မှ ပြောမယ်ဆိုလို့ရှိရင် စာတမ်းတွေ ထုတ်တယ် ဒီလို လုပ် တဲ့နေရာမှာကတော့ အကန့်အသတ်တွေတော့ရှိတာပေါ့ အထူးသဖြင့်ကတော့ WLB ရဲ့ လုပ်ခြုံရေး အပိုင်းပေါ့ နော ဥပမာဆိုလို့ရှိရင် နိုင်ငံတကာကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အချက်အလက် လာရောက်ကောက်ယူတဲ့အချိန်မှာဆိုရင် ကျမတို့ WLB က သွားတွေ့ပြီး ပြောဆိုတာ တွေရှိတယ် ဒီအချိန်မှာဆို ရင် နှောက်ယောင်ခံ လိုက်တာတွေပေါ့နော အဲဒီပုံစံမျိုး မလုံခြုံတဲ့ အနေအ ထားတွေရှိတာပေါ့။”

WLB ၏ ညီလာခံကို ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းညီလာခံမှ WLB အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ အဟန့်အတားများကို ပြန်လည်သုံးသပ် ဆွေးနွေးကာ ရှေ့ဆက် အကောင်အထည်ဖော်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော်သွားမည် ဟု WLB က ပြောသည်။

“လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ကျမတို့ သေချာသုံးသပ်တယ် ပြီးတော့မှ အခုလိုမျိုးဖြစ်နေတဲ့ အနေအထားမှာ တကယ့်အဟန့်အတားတွေက ဘာတွေလဲပေါ့လေနော်။ ၂၀၀၈ ဖွဲ့စည်းပုံကပဲ ပြောရမယ်ဆိုရင် စစ် တပ်ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ပေါ့ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေကို အာမခံချက်ပေးထားတော့ ဒါတွေက မပြင်နိုင်ဘူးဆိုရင် ကျမတို့အနေနဲ့ တကယ့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု ပုံစံမျိုးကို ရောက်နိုင်မှာ မဟုတ်ဘူး ဆိုတာကို ပိုမိုပြီးတော့ တိတိကျကျ သေသေချာချာ ကျမတို့ ပြန်သုံးသပ်ပြီးတော့ အဲဒါဆို ကျမတို့ WLB အနေနဲ့ ဘယ်လိုလုပ်မလဲပေါ့နော်။ ဘာတွေလုပ်ဆောင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ ထွက်လာအောင်ကျမတို့ ဆွေးနွေး သွားမယ်” ဟု WLB မှ မူဝါဒရေးရာ ဦးဆောင် အဖွဲ့ဝင် ဒေါ်တင်တင်ညို က ပြောသည်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB သည် ယခင်က ထိုင်း-မြန်မာနိုင်ငံ နယ်စပ်တွင် အခြေစိုက်သည့် အဖွဲ့ အစည်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၇ ခုနှစ်က ပြန်လည်ဝင်ရောက်ခဲ့သည်။

ထို့သို့ဝင်ရောက်ပြီးနောက် WLB ၏ မူဝါဒအတိုင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေးပါတီများအပြင် အခြားကွန် ရက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ လုပ်ငန်း များကို လုပ်ဆောင်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် အမျိုးသမီးများအတွက် စွမ်းရည် မြှင့်တင်ရေး စသည့်ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံတို့တွင် အခြေစိုက်သည့် အမျိုးသမီး အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့အစည်းသည် ငြိမ်းချမ်းရေးနှင့် တရားမျှတသည့် လူ့ဘောင်အဖွဲ့အစည်းကို ရှေ့ရှုသည့် အမျိုးသမီးများ၏ ဘဝအဆင့်အတန်း တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။