မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီ ၂၃ ရက်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ဧပြီလ ၂၃ ရက်နေ့ (ယနေ့) နံနက် ၇ နာရီခွဲတွင် ကွမ်းသီးကောက်ရန် သွားသည့် အလယ်စခန်း ကျေးရွာတွင် လာရောက်လုပ်ကိုင်စားသောက်နေသူ အသက် ၆၃ နှစ်အရွယ်ရှိ ဒေါ်နှင်းဆီမှာ မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သပြီး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
ဒေါ်နှင်းဆီ၏ ဘယ်ဘက်ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။
“မိုင်းနင်းမိနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရင်ကတည်းက သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှလာလုပ်ပေးတာမရှိဘူး၊ ဒီနောက်ပိုင်းမှာတော့ အဖွဲ့အစည်းတစ်ခုကနေ မိုင်းနဲ့ပတ်သက်တဲ့ ပညာပေးတွေတော့ လာလုပ်ပေးနေတာတော့ရှိတယ်” ဟု နိုင်တင်စန်းက ပြောသည်။
ယခု မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ယခင်က ဖြစ်ပွားခဲ့သည့်နေရာများ အနီးတွင်သာ ဖြစ်ကြောင်း အလယ်ခန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထိ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်က ဒေသခံတို့လုပ်ကိုင်စားသောက်နေသည့်ဥယျာဉ်ခြံ၊ ဒေသခံတို့သွား လာနေသည့်လမ်းထဲတွင် မြေမြှုပ်မိုင်းနင်းမိမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့မှ သစ်ထုတ် နေသည့်နေရာဒေသဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့် အငြင်းပွားမှုဖြစ်ပွားနေသည့် နေရာဒေသဖြစ်သည်ဟု မွန် ပြည်သစ်ပါတီက ပြောဆိုသည်။
မိုင်းထောင်သည့်လုပ်ရပ်သည်လည်း မွန်ပြည်သစ်ပါတီနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှုကင်းမဲ့စေရန်နှင့် ခြံလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူထုအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ဟု မွန်ပြည်သစ်ပါတီက ယခင်ပေါက်ကွဲမှုများနောက်တွင် ထုတ်ပြန်ထားသည်။
သို့သော်လည်း KNUဘက်က အဆိုပါဒေသတွင် ၎င်းတို့တပ်ဖွဲဝင်များ လှုပ်ရှားမှုမရှိကြောင်းနှင့် အဆိုပါ မိုင်းသည်လည်း ၎င်းတို့ထောင်ထားသည့်မိုင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းတွင် နယ်မြေအငြင်းပွားမှု၊ KNU မှ သစ်ထုတ်လုပ်နေမှုတို့ကြောင့် ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်းတွင် ၆ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုများလည်းရှိခဲ့သည်။
အဆိုပါကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီနှင့် KNU ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိ သူတို့က အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အငြင်းပွားနေသည့် သစ်ထုတ်လုပ်မှုကိစ္စ မြေမြှုပ်မိုင်းကိစ္စတို့ကို နှစ်ဘက်တပ်ဖွဲ့များက ပူးပေါင်းဖြေရှင်းသွားရန် ညှိနှိုင်းမှုရှိသော်လည်း ယနေ့ထိ အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။