ဖားကန့် နွံကန် ပြိကျ၊ လူ ၁၀၀ ခန့် ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမှော်အတွင်း နွံကန်ကျိုးပေါက်မှုမှုကြောင့် လူဦးရေ (၁၀၀) နီးပါးခန့် ပျောက်ဆုံးနေသည် ဟု ဖားကန့်အခြေစိုက် Greenland သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

ဖားကန့်အနောက်ပိုင်း ဗလခ နှင့် မှော်ဝမ်းကြီးအနီးရှိ ယူနတီကျင်းဟောင်းမှ ကန်ပြိုကျခြင်း ဖြစ်သည်ဟု Greenland သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အဖွဲ့တာဝန်ခံ ဦးနောင်လတ်က ပြောသည်။

“ကချင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ၊ ချောင်ဘရားသားကုမ္ပဏီ၊ မြန်မာသူရကုမ္ပဏီ၊ နဂါးကိုးကောင်ကုမ္ပဏီပေါ့လေ အဲ့လေးခု အလုပ်လုပ်နေတဲ့အချိန်မှာ ပြိုကျလာတာပေါ့။ မနေ့ည ၁၁ခွဲလောက်ကပေါ့။ ဘက်ဖိုးတော်တော်များများနဲ့ လူတော်တော်များများ ပါသွားတယ်။” ဟု ပြောသည်။

“ဒီနေ့တော့ အလောင်းသုံးလောင်းတော့ ရထားပြီ။ ကျနော်တို့ရထားတဲ့စာရင်းပေါ့နော် လူပျောက်စာရင်း ရထား တာတော့ တစ်ရာဝန်းကျင်ရှိတယ်။” ဟု ဦးနောင်လတ်က ဆက်ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးနယ်မြေအတွင်း နွံကန်ကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။

ဒေသအတွင်းရရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီးသတ်၊ နာရေးကူညီမှုအသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ ကိုနိုင်နိုင်ကလည်း “နွံကန်ပြိုကျတာက ကုမ္ပဏီလုပ်ကွက်ထဲမှာလေ။ သူတို့ဝန်ထမ်းတွေပါသွားတယ်။ ဒီနေ့ မနက်လည်း ကယ်ဆယ်ရေးလုပ်နေတာတော့တွေ့တယ်။ ရွှံ့နွံတွေဆိုတော့ ကယ်ဆယ်ရေးလုပ်ဖို့လည်း ခက်နေတယ်။ ကုမ္ပဏီက ဘက်ဖိုးတွေ မြေသယ်တဲ့ကားတွေ အများကြီးပါသွားတယ်။ မိုးနဲ့လည်း နီးလာပြီ။ ဒီမှာက မိုးလည်းရွာထားတော့ ဒါက မြေမာလည်းမဟုတ်ဘူးလေ။ မြေစာပုံက မြေသားပျော့တော့ အောက်မှာ သွားဥတဲ့အနေအထားမျိုး အဲ့ဒါပွင့်ကျလာတဲ့သဘောပေါ့” ဟု ပြောသည်။

ဒေသခံ မျက်မြင်သက်သေများက ပျောက်ဆုံးသူ ၂၀၀ ကျော်အထိရှိနိုင်သည်ဟုလည်း ခန့်မှန်းကြသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် မြေပြိုကျမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုဖြစ်စဉ်သည် လူအသေအပျောက် အထိအခိုက်အများဆုံးဖြစ်သည်ဟု Greenland သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အဖွဲ့တာဝန်ခံက ပြောသည်။

ကျောက်စိမ်းအဓိကထွက်ရှိရာ ဖားကန့်ဒေသအတွင်း နှစ်စဉ်နှစ်တိုင်း မြေစာပြိုကျမှုများ၊ နွံကန်ပြိုကျမှုများ၊ ရေကြီး ရေလျှံမှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ ရေမဆေးကျောက်ရှာဖွေသူ၊ ကျောက်တူးဖော်သူများ သေဆုံးပျောက်ဆုံးမှုများမှ တစ်နှစ်ထက် တစ်နှစ် မြှင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်မျက်ဥပဒေများ ချမှတ်ထားသော်လည်း အစိုးရ၏ ကိုင်တွယ်မှု အားနည်းခြင်း၊ ဥပဒေစိုးမိုးမှု၊ သက်ရောက်မှု မရှိခြင်းနှင့် ကုမ္ဗဏီများ၏ စည်းကမ်းလိုက်နာမှု၊ ဥပဒေအတိုင်း ဆောင်ရွက်မှု လိုက်နာမှုများ မရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးနေရပြီး ဒေသခံများအနေဖြင့် သဘာဝတရား၏ ဒဏ်ခတ်မှုများကို ခံနေရသည်ဟု ဦးနောင်လတ်က ပြောသည်။

“အဓိကတော့ အစိုးရမှာ တာဝန်ရှိတာပေါ့။ သူတို့ရဲ့ ကိုင်တွယ်မှု အားနည်းတဲ့အခါကြတော့ ကျနော်တို့ဒီဒေသမှာ ဖားကန့်ဒေသမှာ နှစ်စဉ်နှစ်တိုင်းလူသေမှုက မြှင့်တက်လာတယ်။ အဓိက ဒီမြေပြိုမှုနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီတွေရဲ့ လုပ်ကိုင်ပုံအဆင့်ဆင့်မှာ လွှဲမှားချွတ်ချော်မှုတွေ အများကြီးရှိနေတယ်။ ဥပမာ ကုမ္ပဏီက ဒီနေရာမှာ တူးဖော်လိုက်တယ်။ တူးပြီးအကြောင်းအမျိုးမျိုးကြောင့် မတူးနိုင်တဲ့အခါမှာ တွင်းဟောင်းတွေကို ဒီတိုင်းထားခဲ့တယ်။ အဲ့မှာ မိုးရာသီဆို မိုးတွေရွာ ကန်တွေဖြစ်သွားတယ်။ နွေရာသီမှာ အောက်ကဟာ တွေ အကုန်လုံးပျော်ဆင်းသွားပြီးတော့ နွံဖြစ်ကုန်တယ်။ အဲ့ဒီနွံတွေက ကုမ္ပဏီတွေနဲ့ နီးနီးလေးမှာပဲ။ တချို့ဆို ရွာတွေထဲအထိ ဝင်လာတယ်။ ဒါတွေကို အစိုးရ၊ ကျောက်မျက်တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာအသီးသီးတွေက နေ သေချာကြပ်ကြပ်မတ်မတ် မရှိတဲ့အတွက်ကြောင့် ဖြစ်လာတဲ့အနေအထားတွေပေါေ့နာ်။”

အစိုးရအဆက်ဆက်တွင် ဥပဒေအရ အရေးယူမှုအားနည်းခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) အစိုးရအနေဖြင့်လည်း ဥပဒေချိုးဖောက်သည့် ကုမ္ဗဏီများကို အရေးမယူနိုင်သေးဘူးဟု Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ထောက်ပြသည်။

ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မှော်ဝမ်းကလေးကျေးရွာအနီး နွံကန်ကျိုးပေါက်မှုကြောင့် မြန်မာသူရကုမ္ပဏီမှ ဝန်ထမ်း (၂၈) ဦး၊ ဘက်ဟိုး (၁၁)စီး၊ မြေသယ်ယာဉ် (၁၀)စီး၊ မြေတူးစက် (၅)စီးနှင့် ရွှေနဂါးကိုးကောင် ကုမ္ပဏီမှ ဝန်ထန်း (၂၆)ဦး၊ ဘက်ဟိုး(၅)စီး၊ မြေသယ်ယာဉ် (၉)စီး ရွှံ့ နွံများအတွင်း နစ်မြှုပ်ပျောက်ဆုံးလျှက်ရှိ ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။