စစ်ဘေးရှောင်များ ထောက်ပံ့မှု မရ၍ အိမ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ KBC စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ဒေသအခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း စားဝတ်နေရေးနှင့် ကူညီထောက်ပံ့မူများ မရှိတော့သည့်အတွက် ၎င်းတို့၏ နေရပ်ရင်းဖြစ်သည့် မုန်းပေါ်ကျးရွာသို့ မေလ ၁၅ ရက်နေ့က ပြန်သွားပြီဟု တာဝန်ရှိသူများ က ပြောသည်။

“၁၅ ရက်နေ့ကပေါ့ အားလုံးပြန်သွားပြီ။ ဒီတပတ်လုံးပဲ ခွဲပြီး ၅ အိမ်ထောင်စု ၆ အိမ်ထောင်စုနဲ့ အဲ့လိုမျိုးခွဲပြီး ပြန်နေတာ။ အခုတော့ အကုန်ပြန်သွားပါပြီ။ မနေ့က နောက်ဆုံးပါ။ ပြန်ဖို့စစ်ရှောင်တွေက အကူအညီတောင်းတော့ ကျနော်တို့ ဇုံနယ်အတွင်းရေးမှူးတွေ အပါပေါ့ အားလုံးကားတွေဘာတွေစီစဉ်ပြီး ပြန်ဖို့စီစဉ်ပေးရတာပေါ့။ မူဆယ်က ပရဟိတကားတွေဘာတွေပေါ့၊ မုန်းပေါ်ကို ပြန်တာ၊ ဒါက သူတို့ဇာတိနေရာပေါ့။ မိသားစု အိမ်ထောင်စု ၄၀ ပေါ့၊ လူဦးရေက ၁၈၀ ကျော်ရှိတယ်။” ဟု စစ်ဘေးရှောင်များ နေရပ်ရင်းပြန်နိုင်ရန် လိုက်ပါကူညီပေးနေသည့် မူဆယ်ဒေသခံ ဦးလဖိုင်ဇော်အောင် က ပြောသည်။

အခက်အခဲ အမျိုးမျိုးကြောင့် ယခုကဲ့သို့ နေရပ်ရင်း ပြန်ရန်ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဦးနော်ဒင့်က ပြောသည်။

“ဒေသအေးချမ်းတယ်၊ မအေးချမ်းဘူးဆိုတာတော့ ပြောဖို့ခက်ပါ တယ်။ အခြေအနေက ခတ်မှန်းလို့လည်း မရဘူးလေ။ အခုက မပြန်တာလည်း ကြာပြီ ၅ နှစ်ကျော်ပြီလေ အိမ်တွေရွာတွေကို ပစ်ထားခဲ့ရတာ။ ဒီမှာလည်း အဆင်မပြေဘူး။ ရိက္ခာ အထောက်အပံ့ပေါ့၊ အခက်အခဲဖြစ်နေတာ။ အများဆုံးက ကိုယ့်ဟာကိုယ်လှုပ်ရှားပြီး ရှာဖွေစားသောက်ရတာ။ အသက်မွေးဝမ်းကျောင်းလုပ်ရတာ”

စစ်ဘေးရှောင်စခန်းတွင် နေထိုင်စဉ် စားနပ်ရိက္ခာအခက်အခဲများနှင့် ကလေးငယ်များ၏ ပညာရေးအတွက် နေ့စားအနေဖြင့် စပါးစိုက်၊ ကြံခုတ်၊ ပြောင်းစိုက်စသည့် ကျပန်းအလုပ်များ လုပ်ကိုင်ကာ ဖြေရှင်းရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

60225538_1104922666366175_8107961896142897152_n60284783_362448851077811_4743671007678562304_n

လက်ရှိကြုံနေရသော အခက်အခဲများကြောင့် ဇုံနယ်အတွင်းရှိ အသင်းတော်များ၊ အမှုတော်ဆောင်များ ညှိနှိုင်းတိုင်ပင်ကာ စစ်ရှောင်များ၏ သဘောထားများကို တောင်းခံပြီး ယခုကဲ့သို့ ပြန်နိုင်အောင် စီစဉ်ပေးရခြင်းဖြစ်သည်ဟု မိုးမောက်ဇုံနယ် KBC အတွင်းရေးမှူး ဦးဇော်ရန်က ပြောသည်။

“အတင်းပြန်ခိုင်းတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ မိခင်အသင်းတော်နဲ့ ကျနော်တို့ဒီကလက်ခံထားတဲ့ အသင်းတော် ကျနော်တို့ ဇုံနယ်အဖွဲ့တွေအားလုံးက ညှိပြီးတော့ နောက်ပြီး အုပ်ချုပ်ရေးမှူးကစအပေါ့နော်၊ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အားလုံးညှိပြီးတော့ သူတို့ပြန်ဖို့ အချိန်သင့်ပြီဆိုပြီး ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်ခိုင်းခြင်းဖြစ်ပါတယ်။ အဲ့ဒါတွေကြောင့်လည်း မိခင်အသင်းတော်နဲ့ ညှိပြီး ပြန်ဖို့စီစဉ်ရတာပါ။”

မူဆယ် KBC စစ်ရှောင်စခန်းအား အစိုးရမှ တရားဝင် စစ်ရှောင်စခန်းမဟုတ်ဟု ထုတ်ပြန်ထားကြောင်း၊ ထိုသို့ထုတ်ပြန်ပြီးနောက်မှ စတင်ကာ ရိက္ခာအခက်အခဲများ ရှိနေပြီး အဆိုပါပြဿနာများအား မူဆယ်နှစ်ခြင်း ဘုရားကျောင်းမှ တာဝန်ယူဖြေရှင်းပေးရသည်မှာ ၃ နှစ်ကျော်ပြီဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများ က ပြောသည်။

“မူဆယ် Camp က အစိုးရကနေလည်း ၂၀၁၇ ကတည်းကနေ တရားမဝင်တဲ့ Camp လို့ ကြေညာထားပြီးသား။ ကျနော်တို့ကိုလည်း လာပြောထားပြီးသား။ နောက်ပြီးတော့ အစားအသောက်ပေါ့ WFP က အစပေါ့နော် အစားအသောက်က လိုက်မလာတော့ဘူး။ ပြတ်သွားပြီ။ ဆိုတော့ ကျနော်တို့ မူဆယ်အသင်းတော်ကပဲ ဒိုင်ခံဖြေရှင်းပေးခဲ့ရတာ။ ဒီအခက်အခဲတွေလည်းရှိတယ်” ဟု မိုးမောက်ဇုံနယ် KBC အတွင်းရေးမှူး ဦးဇော်ရန်က ပြောသည်။ “မူဆယ်က နယ်စပ်ဆိုတော့လေ လူကုန်ကူးမှုတို့ မူး ယစ် ဆေးဝါးပြဿနာတို့ ကလေးတွေအတွက် အများကြီးရှိတယ်။ ဒါတွေကိုလည်း ပြောပြတာပေါ့နော်၊ နယ်စပ်မြို့ဆို တော့ ကျနော်တို့ အသင်းတော်ကလည်း လက်လှမ်းမမှီတာတွေ အများကြီးရှိပါတယ်”

အဆိုပါအခြေအနေများကြောင့် ၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စု ၂၀ နီးပါးခန့် နေရပ်ကို ပြန်သွားသည်ဟု ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ယမန်နှစ် ၂၀၁၈ ခုနှစ်ကတည်းက ပြန်ရန်စီစဉ်နေပြီး၊ ပြောင်းရွှေ့ရေးအတွက် အကူအညီပေးမည့် အဖွဲ့အစည်းများမရှိခြင်း၊ နယ်မြေအနေအထားများအားလည်း ဆက်လက်စောင့်ကြည့်ချင်သေးသည့်အတွက် ပြန်ရန်ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

ပြန်သွားသည့် စစ်ဘေးရှောင်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နှစ်ဘက်အသင်းတော်မှ အမှုတော်ဆောင်များ၏ အကူအညီများဖြင့် မုန်းပေါ်ဒေသအတွင်း ယာယီအိမ်များ ပြင်ဆင်ထားပေးသည်ဟု ဦးဇော်ရန်က ဆက်ပြောသည်။

“ယာယီနေထိုင်ဖို့နေရာကတော့ ရှိတယ်။ နောက်ပြီး အခုက ကျောင်းလည်းဖွင့်တော့မယ်၊ ဆိုတော့ မူဆယ်ကလည်း ကျောင်းထွက်လက်မှတ်တွေ ယူရတော့မယ် အခုပြောင်းလာတဲ့နေရာနဲ့အနီးဆုံး စာသင်ကျောင်းပေါ့ နာမည်စာရင်းပြန်ထည့်ရတော့မယ်လေဆိုတော့ ကျနော်တို့က လောလောလတ်လတ်နဲ့ ရွှေ့ပြောင်းလိုက်ရတဲ့ သဘောလည်း ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ကျေးရွာမှ ကချင်တိုင်းရင်းသားများဖြစ်ကြပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၄ ခုနှစ် မေလ ၃ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။

မုန်းပေါ်ကျေးရွာအနီး ယခုနှစ် ဧပြီလတတိယအပတ်က တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ၏ တပ်စခန်း (၇) ခုကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများတွင် ပြောဆိုခဲ့သည်။