NRPC နှင့် မြောက်ပိုင်း စစ်မဟာမိတ် တွေ့ဆုံပွဲ တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်။

မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့ ၏ မေလ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်မှ တာဝန်ရှိသူများ ပါဝင်မည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ဦးဆမ်အောင်က ပြောသည်။

“တွေ့ဖို့ကတော့ ၂၄ ၊ ၂၅ လို့ ပြောထားပါတယ်ခင်ဗျာ။ အဲဒါကြားထဲမှာ အပြောင်းအလဲ မဖြစ်ရင်တော့ ၂၄၊ ၂၅ ဖြစ်မှာပါ။ NRPC နဲ့ တပ်မတော်လည်းပါမှာပါ။”

တွေ့ဆုံပွဲကို ပြည်တွင်းတွင်သာ ပြုလုပ်မည်ဟု PCG က ပြောသည်။

“ပြည်တွင်းတစ်နေရာပဲ၊ ဘယ်နေရာလည်း မသိသေးဘူး။ မူဆယ်ဖြစ်မလား လာရှိုးဖြစ်မလား အခုထိ မသိသေးတာ။ အခု အတိအကျပြောလို့တော့ မရသေးဘူး။”

အာဏာပိုင်များနှင့် နီးစပ်သည့် မူဆယ်ဒေသခံတစ်ဦးကမူ အစည်းအဝေးကို မူဆယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။

တွေ့ဆုံပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ တာဝန်ရှိသူများအပြင် တပ်မတော်မှ တာဝန်ရှိသူများပါ တက်ရောက်မည်ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။

တအန်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် PSLF/TNLA အနေဖြင့် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဟု ပြောသည်။

“ဆွေးနွေးတာက အဓိက တိုက်ပွဲဖြစ်နေတာပေါ့နော်။ တိုက်ပွဲရပ်အောင် ဘယ်လိုလုပ်ကြမလဲ အဓိက အဲဒါဆွေးနွေးမှာပေါ့။ အဓိကကတော့ တိုက်ပွဲတွေရပ်မှပဲ ဒီနိုင်ငံရေး ဆွေးနွေးမှု ကိစ္စတွေ ဆက်ပြီးမှ ဆွေးနွေးလို့ရမှာ။”

ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးနိုင်ရေးကို မျှော်လင့်ထားသော်လည်း နှစ်ဖက်ဆွေးနွေးဖက်များအနေဖြင့် လုပ်ဆောင်မှုအပိုင်းတွင် အနည်းငယ်နှေးကွေးနေသည့် အနေအထားတွင် ရှိသည့်အတွက် မည့်ကဲ့သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဟု ဦးဆမ်အောင် က ပြောသည်။

“ဆွေးနွေးမှုအပေါ်မှာ မူတည်တာပေါ့ တပ်မတော်ဖက်က အစိုးရဖက်က ဆုံးဖြတ်နိုင်တဲ့ လူတွေလည်းလာမယ်။ ပြီးတော့ ဆွေးနွေးမှုကလည်း ခရီးရောက်မယ်ဆိုရင်တော့ ဖြစ်ပါတယ် ဒါတွေက မဖြစ်နိုင်စရာ အကြောင်းမရှိ ပါဘူး။ သဘောထားကြီးကြီးနဲ့ ဖြစ်ဖို့ပဲ အရေးကြီးတာပါ ။ နဂိုကတော့ စာချုပ်မူကြမ်း လက်နက်ကိုင်ဖက်က ပေးလိုက်တဲ့ မူကြမ်းကို အသွားအပြန်နဲ့ အရင်အနီးစပ်ဆုံး အရင်လုပ်မယ်။ ပြီးမှတွေ့မယ်လို့ ပြောတယ်။ အခုက အသွားအပြန်လေးက နည်းနည်းလေးနှေးနေတော့ ကျနော်ကလည်း အများကြီးလည်း မမျှော်လင့်ရဲဘူး။ ဒါပေမယ့် ကျနော်ကမျှော်လင့်ချင်တာကတော့ အပစ်ရပ် လက်မှတ်ရေးထိုးတဲ့အထိ မျှော်လင့်ချင်ပါတယ်။”

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က NRPC နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်း မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်က မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့မှ နှစ်ဘက်သဘောတူ အပစ်ရပ် စာချုပ် (Bilateral) ချုပ်ဆိုလိုကြောင်း အစိုးရအား အဆိုပြုခဲ့သည်။

ထို့ကဲ့သို့ အဆိုပြုပြီးနောက်ပိုင်း ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးအသင်း ခန်းမဆောင်တွင် NRPC နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် အပြုသဘောဆောင်သည့်ရလဒ်များ ရရှိခဲ့သည့်အတွက် နောက်တကြိမ်ဆွေး နွေးပွဲပြုလုပ်ပါက အပစ်အခတ်ရပ်စဲရေး နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းသွားမည်ဟု မြောက်ပိုင်းစစ်ရေး မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော် သတင်းမီဒီယာများအား ပြောဆိုထားသည်။

မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့တွင် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MN DAA ကိုးကန့်) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF /TNLA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ပါဝင်သည်။