သန်းပေါင်း သောင်းချီလိမ်လည်သည်ဆိုကာ ရုန်းရင်းဆန်ခတ်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်။

မွန်ပြည်နယ်တွင် ငွေကျပ်သန်းပေါင်း သောင်းချီ၍ လိမ်လည်သည်ဆိုကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းကြောင့် ရဲများက လုံခြုံရေး ယူထားရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ် ရေးမြို့ နယ် လမိုင်းမြို့ နယ်ခွဲတွင် လင်မယားနှစ်ဦးက အွန်လိုင်း ငွေစုငွေချေး လေလံမဲလုပ်ငန်းဖြင့် ငွေလိမ်လည်သည်ဟု စွပ်စွဲခြင်းဖြစ်သည်။

မဲရောင်းသူက မေလ ၂၁ ရက်နေ့တွင် ငွေများထုတ်ပေးရမည်ကို ထုတ်မပေးနိုင်သည်မှစပြီး စုမဲထည့်သူ ရာနှင့်ချီသော လူများက မဲရောင်းသူထံ ငွေများလာထုတ်ကြရာမှ မေလ ၂၂ ရက်နေ့က ပြဿနာ ပို၍ကြီးထွားလာပြီး ငွေလိမ်လည်သူဟုဆိုသူအား ဝိုင်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

ငွေကြေးလိမ်လည်သူဟု စွပ်စွဲခံရသူများမှာ လမိုင်းမြို့နေ ကိုဦးနှင့် မိခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးဖြစ်ပြီး ငွေလိမ်လည်ခံရသူတို့၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် လမိုင်းဆေးရုံတွင် တက်ရောက်ဆေးကုသခံနေရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ ဒီမဲလုပ်ငန်းကို လုပ်တာ တစ်နှစ်လောက်ရှိပြီး၊ အခုမှ ပြဿနာဖြစ်တယ်၊ မိသားစုဝင် ၄ ယောက်ရှိတယ်။ တစ်ဦးတစ်ယောက်မှ ထွက်မပြေးဘူး။ အခု ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတယ်” ဟု စုမဲထည့်ထားသည့် မိသားစုဝင် တစ်ဦးဖြစ်သူ ကိုမွန်ထော က ပြောသည်။

အဆိုပါအွန်လိုင်း ငွေစုငွေချေးလေလံမဲ တစ်မဲလျှင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်းသောင်းချီ လက်ခံသည်ဟု သိရသည်။

မဲဝယ်ယူမှုကို ဈေးနှုန်းကန့်သတ်ထားခြင်းမရှိကြောင်း အချို့ မှ လူ ၄ ဦး ၅ ဦးစုပြီး ဝယ်ယူကြကြောင်း လမိုင်းမြို့တွင် လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် လိမ်လည်ခံထားရကြောင်း လမိုင်းမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

လမိုင်းမြို့ အပြင် မွန်ပြည်နယ် မြို့ နယ်အချို့ နှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေထိုင်သူများကလည်း စုမဲထည့်ဝင်ထားကြကြောင်း၊ ပြဿနာဖြစ်ချိန်တွင် ထည့်ဝင်ထားသည့်ငွေများ သွားတောင်းရာ မပေးဘူးဟု ပြောဆိုခဲ့ကြောင်း သိန်း ၅၀ ထည့်ဝင်ထားသည့် လမိုင်းမြို့နေ မရွှေခိုင်က ပြောသည်။

အဆိုပါပြဿနာနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင်လည်း အမှုမဖွင့်ရသေးကြောင်းနှင့် လက်ရှိအနေအထားအရ ဘာမှ တိတိကျကျပြောလု့ိ မရသေးဘူးဟု ရေးမြို့နယ် ရဲစခန်းက ပြောသည်။

ရေးမြို့နယ် ရဲမှူးခင်ညို က “လောလောဆယ် ဒီကိစ္စကို ရှင်းနေဆဲပဲ ဘာမှတော့ ပြောလို့မရသေးဘူး၊ ရဲတပ်ဖွဲ့ ကတော့ လုံခြုံရေး ယူနေရတယ်” ဟု ပြောသည်။

ဖြေရှင်းနေဆဲ ဖြစ်သည့်အတွက် ငွေကြေးပမာဏနှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာ အတည်ပြုလို့မရသေး ဘူးဟု ရဲမှူးခင်ညိုက ပြောသည်။

မေလ ၂၂ ရက်နေ့ ညနေမှာတော့ ငွေလိမ်လည်သူနှစ်ဦး၏ နေအိမ်၊ မိဘနှင့် မောင်မနှမနေအိမ်တို့ကို ငွေလိမ် ခံထားရသူများက ဝိုင်းဝန်းဖျက်စီးထားကြပြီး အိမ်တွင်းရှိပစ္စည်းများကိုလည်း သယ်ဆောင်ယူသွား ကြသည်။

အနေအထားအများအရ မီးရှို့ ဖျက်စီးမှုများပါ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေရှိနေ၍ ရဲတပ်ဖွဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းဖြန်ဖြေနေရပြီး လုံခြုံရေးလည်း ယူထားရသည့် အနေအထားဖြစ်သည်။