မွန်ပြည်နယ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃ နှစ်အတွင်း ဒေါ်သာ သန်း ၆၀၀ ကျော်
ယခုနှစ်တွင် ယခင်နှစ်ကထက် မြှုပ်နှံမှု ကျဆင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
လက်ရှိအစိုးရ ၃ နှစ်တာကာလအတွင်း မွန်ပြည်နယ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀ ကျော်ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှုကျဆင်းသွားသည်။
မွန်ပြည်နယ်အတွင်း ရင်းနှီးမြုှပ်နှံမှု ၁၀ ခုတို့မှ အမေရိကန်ဒေါ်လာ ၆၁၄ ဒဿမ ၆၂၈ သန်း ရှိသည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ပြော သည်။
“၃ နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ထားတဲ့ နိုင်ငံခြားရင်နှီးမြုပ်နှံမှုက ၁၀ ခုရှိပါတယ် တန်ဖိုးအားဖြင့်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၆၁၄ ဒသမ ၆၂၈ သန်းရှိပါတယ်” ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ပထမ နှစ်တွင် မွန်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ပဲ ဒုတိယ ဖြစ်သည့် ၂၀၁၇-၂၀၁၈ နှစ်တွင် အမေရိကန်ဒေါ်လာ ၄၇၅ သန်း ရရှိခဲ့သည်။
သို့ဖြစ်ရာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းသွားခြင်းဖြစ်သည်။
ပြည်နယ်အတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ လာရောက်ရင်းနှီးမြှုပ်နှံကြပြီး ရင်းနှီးမြုှပ်နှံမှုအများဆုံးနိုင်ငံသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့ကဖြစ်သည်။
စက်မှု/ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံကြသည်ဟု မွန်ပြည်နယ် ရင်းနှီးမြုှပ်နှံမှုကော်မရှင်ထံမှ သိရသည်။
မွန်ပြည်နယ်တွင် လာရောက်ရင်းနှီးမြုှပ်နှံထားကြသည့် ရင်းနှီးမြုှပ်မှုများအနက် စွမ်းအင်ကဏ္ဍသည် အများဆုံး ဖြစ်သည်ဟု မွန်ပြည်နယ် ရင်းနှီးမြုှပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောခဲ့သည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် မြန်မာနိုင်ငံသားနှင့် တွဲသည့် ရင်းနှီးမြုပ်နှံမှုရှိသလို မတွဲဘဲ နိုင်ငံခြားသားဖြင့် ရာနှုန်း ပြည့် ရင်းနှီးမြုှပ်နှံမှုလည်းရှိကာ တွဲပြီး ရင်းနှီးမြုှပ်ရာတွင် နိုင်ငံခြားသားမှ ရင်းနှီးမြုှပ်နှံမှုပမာဏ ၁ ရာခိုင်နှုန်း ပါလာသည်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံခြင်းဆိုပြီး သတ်မှတ်သည် ဟု ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်ထံမှ သိရသည်။
၎င်းအပြင် မြန်မာနိုင်ငံသားရင်းနှီးမြုှပ်နှံမှုသည်လည်း ၃ နှစ်တာကာလအတွင်း ရင်းနှီးမြုှပ်နှံမှု ၉ ခုရှိပြီး ကျပ် သန်းပေါင်း ၁၂၀၀၀၀ ကျော်ရှိကာ ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းများမှာ ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့ပါဝင်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက ပြောသည်။
မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်သည် မွန်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင်ရာတွင် လည်းကောင်း ကုမ္ပဏီများလျှောက်ထားရာတွင်လည်းကောင်း မြန်ဆန်လွယ်ကူစေရန်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး စတင်ဖွင့်လှစ်ခဲ့သည်။