နေရပ်ပြန်စစ်ရှောင်ကလေးများ ကျောင်းပြန်တက်ကြပြီ။ အခက်အခဲများ ရှိနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
မုန်းဒိန်ပါရွာမှ နေရပ်ပြန် စစ်ရှောင်ကလေးငယ်များ
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မုန်းဒိန်ပါ ကျေးရွာမှ မူလတန်းကျောင်း ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သဖြင့်နေရပ်ပြန် စစ်ရှောင်ကလေးငယ်များ ကျောင်းပြန်တက်ခွင့် ရကြပြီဖြစ်သည်။
စာသင်ခန်းရှေ့ပြန်ရောက်လာသည့် စစ်ရှောင်ကလေးငယ်များ
သို့သော်လည်း ကျောင်းဆရာ/ဆရာမ လုံလောက်မှု မရှိသည့်အပြင် ဆရာ/ဆရာမ အချို့အတွက် လစာကို နေရပ်ပြန်စစ်ဘေးရှောင် ပြည်သူများက ထည့်ဝင်နေကြရသည်ဟု ပြောသည်။
မုန်းဒိန်ပါရွာမှ စာသင်နေသော ကလေးငယ်များ
မုန်းဒိန်ပါရွာမှ စာသင်နေသော ကလေးငယ်များ
ရွာသားတစ်ဦးက “အခုက ကျောင်းတော့ ပြန်ဖွင့်ပြီ၊ကိုယ်ထူကိုယ်ထဖွင့်တာပါ။ ကျောင်းသား ၆၀ ကျော် ရှိ တယ်။ ကျောင်းဆရာ/ဆရာမက ၈ ယောက်ရှိတယ်။ ၈ ယောက်မှာ တစ်ယောက်က သင်တန်းသွားလိုက် တယ်။အဲ့ဒီထဲကမှ ဆရာ/ဆရာမ လေးယောက်အတွက်က စစ်ရှောင်တွေက ကိုယ်ထူကိုယ်ထလစာပေးရတာ။ အဲ့လိုမှ မပေးဘူးဆိုရင်လည်း ဆရာ/ဆရာမ မလုံလောက်ဘူးပေါ့” ဟု ပြောသည်။
စာသင်ခန်းအတွင်း ပြန်ရောက်သော်လည်း အခက်အခဲများ ရှိနေဆဲ
မေလအတွင်းက နေရပ်ပြန်လည်နေထိုင်ခဲ့ကြသည့် ရွာသူ/ရွာသားများအနေဖြင့်ပြန်လည်နေရချထားရေး ဆိုင် ရာ လုပ်ငန်းများ၊အသက်မွေးဝမ်းကျောင်းဆိုင်ရာများအတွက် အခက်အခဲများရှိနေသေးသည့်ကြားမှယခုကဲ့သို့ ဆရာ/ဆရာမများ၏ လစာ အား တာဝန်ယူရသည့်အတွက် အခက်အခဲများ ရှိနေသည်ဟု ရွာသားများက ပြော သည်။
အဆိုပါရွာသားက “အခုက ဆရာ/ဆရာမ လေးဦးအတွက် စားဖို့၊နေဖို့ထိုင်ဖို့ပေါ့၊ ပြောရမယ်ဆိုရင် လစာပေါ့၊ ဒါတွေအားလုံး ရွာသားတွေက တာဝန်ယူပေးရတယ်။ တာဝန်မယူပေးရင်လည်း ကလေးတွေ ပညာရေးအတွက်အဆင်မပြေပြန်ဘူး။ အားလုံးကလည်း ကိုယ့်အခက်အခဲနဲ့ကိုယ်ဆိုတော့အဆင်မပြေဘူး” ဟု ဆက်ပြောသည်။
စာသင်ခန်းအတွင်း ပြန်ရောက်လာသည့် စစ်ရှောင် ကလေးငယ်များ
အဆိုပါ စစ်ရှောင်များသည် ဗန်းမော်မြို့ ဖန်းခါကောင် စစ်ရှောင်စခန်းတွင် ၈ နှစ် အကြာ ခိုလှုံနေရာမှ အစိုးရ၏ ခွင့်ပြုချက်ဖြင့် မေလအတွင်းကနေရပ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
မုန်းဒိန်ပါရွာမှ စာပြန်သင်ခွင့်ရသော ကလေးငယ်များ