ကျေးရွာအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်သဖြင့် လယ်သမားများ အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခဲ့ခြင်းကြောင့် တောင်သူများ စိုက်ပျိုးစားရိတ်ချေးငွေ ထုတ်ယူရန် အခက်အခဲဖြစ်နေကြောင်း လယ်သမားများက ပြောသည်။
ဒေသခံ တောင်သူ တစ်ဦးဖြစ်သည့် ဦးကျော်လှမြင့်က “ကျနော်တို့ဒေသမှာ လယ်ယာစိုက်ပျိုးရေးအတွက် အခုချိန်မှာ ဘဏ်ကနေ ချေးငွေတွေလိုအပ်နေတာပါ။ အခုဒီလိုနှုတ်ထွက်သွားတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး တွေရဲ့ နေရာမှာ စာရေးက တာဝန်ယူပြီးတော့ ချေးငွေထုတ်မယ့် လယ်သမားတွေကို လက်မှတ်ထိုးပြီး တာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ဖို့ဖြစ်ပါတယ်။ ပုံစံ (၇) ရှိပြီးသားလူတွေကိုပါ။ ဒါပေမယ့် အဲ့ဒီအပေါ် ဘယ်သူကမှ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့အတွက် ဘယ်သူကမှ လုပ်မပေးတဲ့အတွက် ကျနော်တို့ လယ်သမားတွေ အနေနဲ့ အခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောသည်။
ဇွန်လ ၄ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦး ပထမအကြိမ်နေဖြင့် နှုတ်ထွက်ခဲ့ပြီး၊ ဇွန်လ ၁၇ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၁ ဦး ဒုတိယအကြိမ်နေဖြင့် ထပ်မံနှုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။
စိုက်ပျိုးစရိတ်အတွက် ဘဏ်ချေးငွေရရှိရေး သက်ဆိုင်ရာ ကျေးရွာအုပ်ချုုပ်ရေးမှူးများ၏ ထောက်ခံချက်၊ လက်မှတ်များလိုအပ်သည်ဟု တောင်သူများက ပြောသည်။ သို့သော်လည်း ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူး (၅၇) ဦး နှုတ်ထွက်သွားသည့်အတွက် အဆိုပါကျေးရွာများမှ တောင်သူများ အခက်ကြုံနေရခြင်း ဖြစ်သည်ဟု ဒေသခံ တောင်သူများက ပြောသည်။
သာစည်ရွာမှ တောင်သူတစ်ဦးကလည်း “အလုပ်သမားခရယ်၊ စိုက်ပျိုးခရယ်၊ ထွန်ယက်ခရယ်၊ ဒီစိုက်ပျိုးရေး မျိုးစပါးတွေဝယ်ဖို့အတွက်ရယ် တအားလိုနေချိန်ဖြစ်တော့ စိုက်ပျိုးရေးဘဏ်က ချေးငွေမရလို့ အခက်အခဲဖြစ် နေပါတယ်ခင်ဗျ။ ကျနော်တို့ လယ်သမားမှာက ရာသီအလိုက်အလုပ်လုပ်ရတာလေ။ ဒီလယ်မြေမှာ မျိုးစေ့ချမယ်၊ စိုက်မယ်၊ ပျိုးမယ်၊ ထွန်ယက်မယ်ပေါ့၊ အခုတော့ ချေးငွေကမရ၊ ရာသီကကျော်တော့မယ်၊ အခုက ဘဏ်ချေးငွေက ထွက်မလာတော့ အရမ်းခက်ခဲနေတာလေ” ဟု ပြောသည်။
ယခုရာသီသည် တောင်သူများအတွက် စိုက်ပျိုးရန် အသင့်တော်ဆုံး ရာသီဖြစ်သည့်အတွက် အချိန်လွန်သွား မည်ကို တောင်သူများက စိုးရိမ်နေကြသည်။
ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ ကြုံနေရသည့် အခက်အခဲများအား သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေးစေလိုသည်ဟု ပြောသည်။
ဗိုလ်မင်းကျေးရွာမှ တောင်သူ တစ်ဦးကလည်း “ရွာထဲက ဒုတိယမဲအများဆုံးရတဲ့လူတွေကို မြို့နယ်က တာဝန် ထပ်ပေးတာရှိတယ်။ ဒါပေမယ့် ဘယ်သူမှ မလုပ်ကြဘူး၊ အရင်ရွာလူကြီးတွေကလည်း သူတို့တောင်းတဲ့ အချက် တွေ သဘောတူမှ ပြန်လုပ်မယ်ပြောတော့ ဒါကို သေချာလေး ပြန်ညှိပေးစေချင်တယ်။ ကျနော်တို့က သူ့ရာသီ နဲ့သူ စိုက်ပျိုးရတာ၊ စိုက်ပျိုးရာသီ ကျော်သွားမှာလည်း စိုးရိမ်တယ်။ အခုမှ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်မရရင် ဒီနှစ်အတွက် အခက်အခဲဖြစ်မှာ၊ တိုက်ပွဲကလည်း နေ့တိုင်းလိုလို အသံတွေကြားနေရတယ်။ အကုန်လုံးက အခက်အခဲအမျိုးမျိုးပဲ၊ ကျနော်တို့ ဘက်ကို လာကြည့်စေချင်တယ်” ဟု ပြောသည်။
ကျောက်တော်မြို့နယ်အတွင်း ကျေးရွာပေါင်း ၈၀ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း (၅၇) ရွာမှ အုပ်ချုပ်ရေး မှူးများ နှုတ်ထွက်စာ တင်ထားခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရ ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အပြင် လုံခြုံရေးအရ စိုးရိမ်ချက်များ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ဒေသခံရွာသားများအား ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်နေသည်ဆိုသည့် အချက်ဖြင့် တပ်မ တော်က ဖမ်းဆီးမှုနေတာကြောင့် စိုးရိမ်ပြီး နှုတ်ထွက်စာများ ဆက်တိုက်တင်နေရခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် မေလ ၁၅ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့က တပ်မတော်က ဖမ်း ဆီးသွားသည့် ရာအိမ်မှူး ဦးသိန်းစိုးအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်၊ ဒေသခံရွာသား ဦးကျန်းသိန်းအောင်တို့အား ပြန်လွှတ်ပေးပါက တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဟု နှုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများ က ပြောဆိုထားသည်။