ကျိုက်မရောတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားဖြင့် လည်ပတ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် June ဘိလပ်မြေလုပ်ငန်း ကုမ္ပဏီက ဘိလပ်မြေ စက်ရုံကို  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်မည်ဆိုသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

June Cement Industry Limited အနေနှင့် ကျိုက်မရောတွင် လည်ပတ်မည့် ဘိလပ်မြေစက်ရုံအတွက် ၁၅ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံးလျှပ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ခွင့်ရရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ တင်ပြထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးက ပြောသည်။

“လျှပ်စစ်မီးအတွက် ကျောက်မီးသွေးနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကို ၁၅ မဂ္ဂါဝပ် ၂ လုံးပေါ့ တင်ထားတယ်၊ ပြည်နယ်အစိုးရကိုရော၊ ပြည်ထောင်စုအစိုးရကိုရော တင်ထားတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ကျောက်မီးသွေးဖြင့် စက်ရုံလည်ပတ်ခြင်းကို လက်မခံပဲ ကန့်ကွက်သွားမည်ဟု ဒေသခံများက ပြောသည်။

“ကျောက်မီးသွေးသုံးလို့ MCL ကိုလည်း ကန့်ကွက်ခဲ့တယ်၊ အခုလည်း ကျောက်မီးသွေးသုံးမယ်ဆိုတော့ ဒေသခံတွေက ကန့်ကွက်ဦးမှာပဲ လက်ခံမှာမဟုတ်ဘူး” ဟု ကျိုက်မရောဒေသခံ နိုင်ရွှေဝင်းက ပြောသည်။

June ကုမ္ပဏီအနေနှင့် စက်ရုံကို ကျောက်မီးသွေးဖြင့် လည်ပတ်ခွင့်ရရန် အစိုးရထံ တင်ပြထားကြောင်းကို ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒေသခံတို့နှင့် လူထုရှင်းလင်းပွဲတွင် စက်ရုံအတွက် သုံးစွဲမည့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး ဒေသခံတို့၏ မေးမြန်းလာမှုအပေါ် June Cement Industry Limited ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက ဖြေကြားခဲ့သည်။

၎င်းက “လောလောဆယ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုမိန့်မကျသေးလို့ ကျနော်တို့ ဘာမှ ပြောလို့မရသေးဘူး”ဟု ပြောသည်။

ကုမ္ပဏီအနေနှင့် ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ တူးမြောင်းတူးဖော်ခြင်း၊ ရွှံ့စေးမြေတူးဖော်ခြင်းနှင့် ဂဝံကျောက်တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ လူထုနှင့် ရှင်းလင်းခဲ့ကြောင်း သုံးစွဲမည့်လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့ နယ်အတွင်း၌ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားနှင့် တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ်နေသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) စက်ရုံလည်ပတ်လျှက်ရှိသည်။

ကျောက်မီးသွေးဖြင့် လည်ပတ်သည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) စက်ရုံသည် ဒေသခံတို့ ကန့်ကွက်နေသည့်ကြား၌ပင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ စီးပွားဖြစ် ၂၄ နာရီ လည်ပတ်လျက်ရှိသည်။