အဂတိလိုက်စားမှုများ အမြန်ဆုံးပြင်ရန် မွန်ဝန်ကြီးချုပ်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် တိုင်ကြားခြင်းခံထားရသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အဂတိလိုက်စားမှု ရှိနေသော အချို့သော ဌာနဆိုင်ရာများ အနေဖြင့် အမြန်ဆုံး ပြင်ဆင်ရန် သတိပေးလိုက်သည်။

ဇွန်လ ၂၄ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ တာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူများ ပေးပို့သည့်သတင်းများ၊ တိုင်ကြားစာများအရ ယနေ့အချိန်အထိ အချို့ဌာနဆိုင်ရာများတွင် အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိပဲ မျက်စိမှိတ်ဆောင်ရွက်နေကြဆဲ” ဟု မွန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ပြည်သူများအားဝန်ဆောင်မှုပေးခြင်း၊ လုပ်ပိုင်ခွင့်၊ ခွင့်ပြုမိန့်များပေးသည့်နေရာတွင် ရိုးသားသည့် နွမ်းပါးသည့် ပြည်သူများအတွက်မူ ရုံးလုပ်ထုံးလုပ်နည်းတို့ကို အကြောင်းပြုပြီး ကာလအကန့်အသတ်မရှိ အချိန်းများကြန့် ကြာအောင် ဆောင်ရွက်နေသည်ဟု ပြောသည်။

ထို့အပြင် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအတွက်မူ နေ့ခြင်း ညခြင်း ဆောင်ရွက်နေမှုများ မတော်လောဘဖြင့် ငွေကြေးအများအပြားပေးမှ ထုတ်ပေးရမည့်စုံစံများ ထုတ်ပေးခြင်း လိုအပ်သည်များလုပ်ပေးခြင်းတို့ ကို ပွဲစားဆန်ဆန်ဆောင်ရွက်နေမှုများရှိနေသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

“ပွဲစားဆန်ဆန်ဆောင်ရွက်နေသူများ အမြန် သတိနဲ့ ပြင်ဆင်သွားကြဖို့ မပြင်ဆင်နိုင်ပါက ပြည်သူရဲ့ ဒဏ်ခတ်မှုကို ခံကြရမှာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားလိုပါတယ်” ဟု ဒေါက်တာအေးဇံက ပြောသည်။

၎င်းအပြင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ပြည်သူများ တိုင်ကြားလာပါက အဖြစ်မှန်ကို ဖော်ထုတ်ပြီး မှန်ကန်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ပြောသည်။

သို့သော်လည်း လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ဒါမခေါ်ပဲ ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်စေခဲ့သည့် ကိစ္စ၊ ကျိုက်ထီးရိုးဘုရားရန်ပုံငွေ ထုတ်ယူသုံးစွဲခဲ့သည့်အပေါ် အဂတိလိုက်စားမှု ရှိ မရှိ စစ်ဆေးပေးရန်နှင့် လိုအပ်သလိုအရေးယူပေးနိုင်ရန် ဒေသခံ ၉ ဦးတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အား စစ်ဆေးရန် အဂတိလိုက်စားမှု ကော်မရှင်အား ဒေသခံ ၉ ဦးက ဇွန်လ ၁၈ ရက်နေ့က တိုင်ကြားထားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုကို ထိန်းကျောင်းမှုနှင့်အတူ အရေးယူမှုပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူလူထုအနေနှင့်လည်း လာဘ်ပေးလာဘ်ယူမှု မပြုလုပ်ပဲ လာဘ်ပေးလာဘ်ယူမှုရှိလာပါကလည်း တိကျစွာတိုင်ကြား ရန်လိုအပ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

“အဂတိလိုက်စားမှုက ဖြစ်နေတာပဲ လက်ရှိလဲ ဖြစ်နေတာပဲ ဒါကိုမလုပ်ရဲအောင် မလုပ်အောင် ထိန်းကျောင်းရမယ်၊ ဒါနဲ့မှမရရင် အရေးယူမှုနဲ့ တွဲလုပ်မှပဲ ဒီအဂတိလိုက်စားမှုက တဖြည်းဖြည်းနဲ့ ပျောက်မှာ” ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် ကျင်းပခဲ့သည့် အဆိုပါ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ ကော်မရှင်ဥက္ကဌနှင့်အဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ မြို့ မိမြို့ ဖများ၊ UNDP မှ တာဝန်ရှိသူများ လူမှုရေးအဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များစသဖြင့် စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။