ကယားတောင်သူများ ဆက်လက် တရားစွဲဆိုခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၃ ဦးကို ဇူလိုင်လ ၂ ရက်နေ့က တပ်နယ်မြေ ကျူးကျော်သည်ဟုဆိုကာ တပ်မတော်က ထပ်မံဖမ်းဆီး တရားစွဲခဲ့ရာ လက်ရှိတွင် ဒေသခံတောင်သူ ၁၄ ဦး တရားစွဲဆိုခံထားရပြီး ၂ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသည်ဟု ကရင်နီပြည် တောင်သူသမဂ္ဂက ပြောသည်။
“ဖြစ်စဉ်က ၂ ရက်နေ့က ဒေသခံတွေ တောင်ယာသွားပြီး စပါးသွားစိုက်ကြတာ။ စိုက်နေတဲ့အချိန် နေ့လည်မှတော့ ဘယ်သူမှလာမဖမ်းဘူး။ အကုန်ပြန်သွားမှပဲ ညနေပိုင်းမှပဲ ကျန်နေတဲ့လူတွေကို စစ်တပ်ကလာဖမ်းသွားတာ။ အမတ ၃၆၀ ကပဲ။ စက်တွေလည်း ဖမ်းဖမ်းချင်းတော့ သိမ်းသွားတယ်လေ။ ဖမ်းပြီးရဲစခန်းကိုပို့လိုက်တာ။ အခုက အဲ့သုံးယောက်ကိုလည်း တရားစွဲထားလိုက်ပြီ။ တရားရုံးပေါ်ရောက်နေတဲ့ အမှုပေါ့။ ဒါပေမယ့် လောလောဆယ်တော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်” ဟု ကရင်နီပြည် တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောသည်။
အဆိုပါ တောင်သူ ၃ ဦးမှာ ယခုခါ အာမခံဖြင့် ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သော်လည်း အမှုဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည် ဟု ကရင်နီပြည် တောင်သူသမဂ္ဂက ပြောသည်။
“ဒီ၂ ရက်နေ့က ထပ်ပြီး တရားစွဲခံလိုက်ရတဲ့ ၃ ယောက်နဲ့ဆိုရင် ဒေါဆိုရှေးနဲ့ ဒေါမူကလားနှစ်ရွာပေါင်း တရား ရင် ဆိုင်နေရတာက ၁၄ ယောက်ရှိပြီ။ ဒေါဆိုရှေးမှာက ၉ ယောက် ရှိပြီ။ ဒေါမူကလားမှာက ၅ ယောက်ရှိပြီ။ ဆိုတော့ အားလုံပေါင်း ၁၄ ယောက်ရှိတယ် တရားစွဲခံထားရတာပေါ့။ ဖမ်းခံရပြီး ထောင်ထဲရောက်နေတာက နှစ်ယောက်ရှိတယ်။ တရားရုံးပေါ်မရောက်သေးတဲ့ အမှုတွေလည်း အများကြီး ကျန်သေးတယ်။ အားလုံးကို တပ်ကနေပဲ အဓိက တရားစွဲတာပါ။”
လက်ရှိတွင် တရားစွဲဆိုခံထားရသူများမှာ လွိုင်ကော်မြို့ နယ်၊ ဒေါမူကလားကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ ဒေသခံတောင်သူများဖြစ်သည်ဟု ခူးတူရယ်က ပြောသည်။
ဖမ်းဆီးခံထားရသူ နှစ်ဦးမှာ မြေယာပြန်လည်ရရှိရေးကြိုးပမ်းခဲ့သည့် ဒေါမူကလားကျေးရွာမှ တောင်သူ ဦးရှားရယ်နှင့် ဖြစ်စဉ်အား မှတ်တမ်းသွားယူခဲ့သည့် ပြည်နယ် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအဖွဲ့ဝင် ဦးကိုရယ်စိုးညွှန့် တို့ ဖြစ်ကြသည်။
တောင်သူများသည် တပ်သိမ်းမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့ကြခြင်း၊ ထွန်တုံးတိုက်ပွဲများ ဆင်နွှဲခဲ့ကြခြင်း၊ သိမ်းဆည်းခံထားရသည့် မြေယာများပေါ်တွင် သွားရောက် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြခြင်းတို့ကို ဇွန်လအတွင်းက ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။
ဒေါမူကလားကျေးရွာတွင် တောင်သူများက သိမ်းဆည်းခံထားရသည့် မြေယာများပေါ်တွင် မကျူးကျော်ရ၊ ဤ တောင်ယာများသည် မူရင်းပိုင်ရှင်များရှိသည်ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပြီး နယ်ခြေခံ တပ်ရင်းဘက်ကလည်း တပ်နယ်မြေ၊ မကျူးကျော်ရ ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။ တပ်ဘက်မှ စိုက်ထူထားသည့် အဆိုပါ ဆိုင်းဘုတ်များ၊ ခြံစည်းရိုး အုတ်တိုင်များအား တောင်သူများက ဖြိုချခဲ့ကြရာ နှစ်ဘက်ကြား အခြေအတင်ဖြစ်ခဲ့ကြသည်။
“တပ်က သူတို့မြေပါဆိုပြီး ပြောတယ်။ တကယ့်ဌာနေတိုင်းရင်းသား တောင်သူတွေက ဝင်ရောက်လုပ်ကိုင်တော့ ဒါကို တရားပြန်စွဲတာပေါ့။ အခုက ဧည့်သည်က အိမ်ရှင်ကို တရားပြန်စွဲနေတဲ့သဘောဖြစ်နေတာပါ။ ဒေါဆိုရှေးကတော့ အမတ ၃၆၀ က တရားစွဲတယ်။ ဒေါမူကလားကတော့ အမတ ၃၅၆ နဲ့ ခမရ ၂၅၀ တရားလိုလုပ်ပြီးတော့ တရားစွဲတာပေါ့” ဟု ခူးတူရယ် က ဆက်ပြောသည်။
ဒေါဆိုရှေး ကျေးရွာမှ တရားစွဲဆိုခံထားရသည့် တောင်သူများထဲမှ ဦးပါစကွားလယ်ကလည်း “ကျနော်ကတော့ အသေခံသွားမယ်။ တောင်ယာမလုပ်ရရင်တော့ ကျနော်တို့လည်း မနေနိုင်ဘူးလေ။ ဘာစားတော့မလဲ။ သေနတ်နဲ့ပစ်သတ်ရင်လည်း ပစ်သတ်လိုက် နားအေးတယ်။ ငါတို့ကတော့ တောင်ယာပြန်ရဖို့ပဲ အရေးကြီးတယ်။ တောင်ယာကို မပေးဘူးဆိုရင်တော့ သေမထူး ရှင်မထူးလေ။ တရားစွဲမယ်ဆိုလည်းစွဲ၊ သတ်မယ်ဆိုလည်းသတ်ပေါ့။ အခုက တစ်ရွာလုံးနီးပါးလည်း တရားစွဲခံထားရပြီလေ” ဟု ပြောသည်။
ဒေါဆိုရှေးကျေးရွာမှ သိမ်းဆည်းခံမြေယာများ ပြန်လည်စိုက်ပျိုးရန် ကြိုးပမ်းခဲ့ကြသည့်အတွက် တောင်သူ ၄၀ ခန့်ကို ပြီးခဲ့သည့် ဇွန်လတွင် တပ်မတော်က အမှုဖွင့်တိုင်ကြားထားခြင်းများလည်းရှိသည်။
ဒေါမူကလားကျေးရွာက တောင်သူတစ်ဦးဖြစ်သည့် ဦးမြားရယ်က “အခုဖြစ်နေတာက ပြီးခဲ့တဲ့ ကရင်နီ အမျိုးသားနေ့မှာ ဖြစ်ခဲ့တဲ့ဟာတွေ သူတို့က ဘာနဲ့တရားစွဲလဲဆိုရင် ကျနော်တို့ သူတို့ခြံစည်းရိုးကို ဖျက်ဆီးလို့ပေါ့။ အဲ့ဒါကို အခုက အကျိုးဖျက်ဆီးမှုနဲ့ပေါ့။ တကယ်ဆို ခြံစည်းရိုး မလုပ်ခင်ကတည်းက ကျနော်တို့က မလုပ်ဖို့ ပြောထားပြီးသား။ ဒီတောင်ယာတွေက ပိုင်ရှင်ရှိတယ်ဆိုတာလည်း ပြောထားပြီးသား။ အခုက ကျနော်တို့က ဘာစားမလဲ၊ ဘာလုပ်ရမလဲ၊ ဒေသခံဆိုတဲ့ နာမည်နဲ့လိုက်အောင် ခံနေရတော့မှာလား” ဟု ပြောသည်။
တောင်သူများသည် အကျိုးဖျက်ဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးကျော်မှု (ကျော်နင်းမှု) ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇၊ တာဝန်ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် နိုင်ထက်စီး နင်းပြုကျင့်မှု ဥပဒေ ပုဒ်မ ၃၅၃၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆၁ တို့ဖြင့် တရားစွဲခံထားရသည်။
“အခုက တောင်သူတွေကို ပုဒ်မ ၆၁၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၄၇ အဲ့ဒီပုဒ်မတွေနဲ့ တရားစွဲထားတယ်။ တစ်ရွာနဲ့တစ်ရွာက တောင်သူတွေ တရားစွဲဆိုခံရတဲ့ ပုဒ်မတွေကတော့ မတူဘူးပေါ့နော်။ ကျနော်တိ့ုကတော့ တပ်ရဲ့လုပ်ရပ်အပေါ် ရှုတ်ချပါတယ်။ တောင်သူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတဲ့အတွက် ဆက်ပြီးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာပါ။ ဘာလုပ်မဆိုတော့ သေချာပြောလို့မရသေးပါဘူး။” ခူးတူရယ်က ဆက်ပြောသည်။
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် မြေသိမ်းယာသိမ်းပြဿနာများရှိနေပြီး တပ်မတော်က အများဆုံး ကျူးလွန်နေခြင်းဖြစ်သည်ဟု ကရင်နီပြည် တောင်သူသမဂ္ဂက ပြောသည်။