ငြိမ်းချမ်းရေး တစ်ဆို့နေမှုများ ကျော်လွှားနိုင်ရေး NCA ထိုးအဖွဲ့များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေမှုများ ကျော်လွှားနိုင်ရန်အတွက် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်ကိုယ်စားလှယ်များ ယနေ့ အစည်းအဝေး စတင်ကျင်းပနေသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်ကြာ ကျင်းပမည့် ထိုအစည်းအဝေးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကိစ္စများ၊ ကြားကာလဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

အစည်းအဝေးနှင့်ပတ်သက်၍ သတင်းမီဒီယာများမှ မေးမြန်းခွင့်တောင်းဆိုရာ တစ်စုံတစ်ရာ ဖြေကြားမှု မရှိခဲ့ပါ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွင် တစ်ဆို့နေသည့် အကြောင်းအရာ များကို ကျော်လွှားနိုင်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ယခုဆွေးနွေးမှုသည် NCA အကောင်အထည်ဖော်မှု နှင့် ပတ်သက်၍ ပိုမိုခိုင်မာသော စုစည်းမှုများ ရရှိနိုင်ရန် နှင့် Bilateral သဘောတူညီချက်များကို ပိုမိုခိုင်မာစေရန် ဆောင်ရွက် သွားရန်ဖြစ်သည်ဟု သိရသည်။

တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မေလ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း) တွင် လက်ရှိတစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် စုဖွဲ့မှုတစ်ခုကို ဖွဲ့စည်းနိုင်ရန် အလုပ်အဖွဲ့ဆို သည့် အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

လက်ရှိတစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ၏အစည်းအဝေး၌ NCA-S EAO ၏ စတုတ္တအကြိမ်မြောက် ပထမပိုင်း ညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်များထဲမှ တစ်စို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အချက်တချို့ကို ဆက်လက် ဆွေးနွေးသွားရန်ရှိသည်ဟုလည်း သိရသည်။

ယနေ့စတင်ကျင်းပသည့် အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ကိုယ်စား လှယ်များ တက်ရောက်ခြင်း မရှိခဲ့ပါ။

အစည်းအဝေးမှ ရရှိလာသည့် အချက်များအား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST သို့ တင်ပြ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။