ပူးပေါင်းထားသည့် မွန်ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်။

မွန်နိုင်ငံရေးပါတီ နှစ်ပါတီဖြင့် ပူးပေါင်းထားသည့် မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု လိုက်ပြီးဖြစ်ကြောင်း ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲဖြင့် မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်းကြားလာသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

“ပါတီ မှတ်ပုံခွင့်ပြုလိုက်တဲ့အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဒီနေ့ (ဇူလိုင် ၁၁) ရက် စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံခွင့်ပြုတဲ့အကြောင်းကို စာရပါတယ်” ဟု မွန်ညီ ညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းထားခြင်း ဖြစ် သည်။ မွန်ပါတီများ ပူးပေါင်းရေးကို မွန်သံဃာတော်များနှင့် မွန်ပြည်သူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် မွန်ညီညွတ်ရေးပါတီအနေနှင့် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ရက်ပေါင်း ၉၀ ပြည့်သည့် အောက်တိုဘာ ၈ ရက်နေ့ထက် နောက်မကျစေဘဲ ဥပဒေပုဒ် ၅(စ) နှင့်အညီ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ပြည့်မီအောင်စည်းရုံးပြီး ပါတီဝင် အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပုံစံ(ဇ) နှစ်စုံ ဖြင့် ကော်မရှင်သို့ တင်ပြရမည် ဟု ကော်မရှင်က အကြောင်းကြားလာသည့်စာထဲတွင် ပါရှိသည်။

ပါတီဝင်အင်အား ထပ်မံစည်းရုံးရရှိပါက ပုံစံ(ဇ) ဖြင့်လည်းကောင်း၊ ပါတီဝင်အင်အားလျော့နည်းသွားပါက ပုံစံ (ဇ-၁) ဖြင့်လည်းကောင်း ဥပဒေပုဒ်မ ၁၃ နှင့်အညီ ကော်မရှင်သို့ တင်ပြရမည်ဟုလည်း ပါရှိသည်ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပါတီတည်ထောင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီဗဟိုအဆင့် ပေါင်းစည်းရေး ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် အစရှိသည့် အဆင့်ဆင့်သော ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဟုလည်း ပါတီတာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် လာမည့် ရွေးကောက်ပွဲအတွက် အဆင့်ဆင့်သော စည်းရုံးရေးကော်မတီဖွဲ့စည်းခြင်း၊ ပါတီကျစ်လျစ် ခိုင်မာအောင် ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေသည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များက ပြောသည်။

မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေးအင်အားစုများဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄၀ ဦး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌ အဖွဲ့ ၄ ဦး၊ အတွင်းရေး မှူးအဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင်ရန်လည်း ပါတီခေါင်းဆောင်များက ကြိုးပမ်းလျှက်ရှိသည့်အပြင် မွန်လူငယ်များနှင့် မွန်အမျိုးသမီးများ ပါဝင်လာစေရန်လည်း လမ်းဖွင့်ပေးထားသည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။