ဘူးသီးတောင် တိုက်ပွဲ ထောင်နှင့် ချီသော ရွာသားများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထောင်နှင့်ချီသော ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဇူလိုင်လ (၁၃) ရက်နေ့က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နွားရုံတောင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော် AA တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူနေအိမ်အချို့ မီးရှို့ခံရပြီး နွားရုံတောင် ကျေးရွာ အပါအဝင် အနီးအနားက ကျေးရွာများရှိ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြော သည်။

“အိမ်ခြေ ၇ လုံးလောက်မီးလောင်သွားတယ်လို့ ကြားတယ်။ အဲ့ဒီမှာ ရှိနေတဲ့လူတွေ အကုန်လုံး ပြေးနေရတယ်။ နွားရုံတောင်၊ စံဂိုးထောင်၊ ဥယျာဉ်သာ၊ ကံပြင် အဲ့ဒီဘက်က လူတွေ အကုန်လုံးပြေးနေကြရတယ်။ နီးစပ်တဲ့ ရွာ တွေပေါ့။ ဥပမာ စေတီတောင် နောက်ပြီး ဟိုဖက်မှာ ဆိုလို့ရှိရင် ဘူးသီးတောင် အဲဒီဖက်ကို ပြေးတယ်” ဟု ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံ ထောင်နှင့် ချီထွက်ပြေးခဲ့ရသည်ဟု သိရသည်။

နွားရုံတောင်ကျေးရွာသားတစ်ဦးကလည်း “မနေ့က ၃ နာရီ ခွဲလောက်မှာ နေပြီးရင် တိုက်ပွဲဖြစ်တယ်ဆိုပြီး လူ တွေက ကြောက်လန့်ပြီး ထွက်ပြေး လာတာပေါ့ လက်နက်ကြီးသံ ငယ်သံကြားတယ်ဆိုတော့ လူတွေက သေ နတ်သံကြားတော့ နီးနီးလေးဆိုတော့ ကြောက်တာပေါ့။” ဟု ပြောသည်။

အိမ်များ မီးရှို့ခြင်းနှင့် ပတ်သက်၍ မူ အတည်ပြု၍မရနိုင်သေးပါ။

“မီးရှို့ခံထားရတဲ့ နေအိမ်တွေက ကျနော်တို့ရွာက လူတွေက သွားလို့ မကြည့်ရဲဘူး။ အဲဒီအိမ်ကို မီးရှို့ တာလား ဘာကို မီးရှို့ တာလားဆိုတာ ကျနော်တို့ အတိအကျ ပြောလို့ မရသေးဘူး။ မီးခိုးတွေ ဝေပြီးထွက်နေတာက မြင်တယ်။ ရွာအနီးနားက မြင်နေရတယ် အဲဒီဟာ ရွာအတွင်းက မီးခိုးထွက်တာကတော့ မြင်တယ် ဒါပေမယ့် အိမ်ကို ရှို့ တာလား ဘာကိုရှို့ တာလားဆိုတာ ကျနော်တို့ သွားလို့ မကြည့်ရဲသေးတဲ့အတွက် ပြောလို့ မရသေးဘူး။”

ဇူလိုင်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာအနီးရှိ တောင်ကုန်းပေါ်တွင် တပ်မတော်က တပ်စွဲထား သည့်အပြင် ကျေးရွာအတွင်းမှာပါ ရှိနေသေးသည့်အတွက် မပြန်ရဲသေးပဲ ဘူးသီးတောင်မြို့ နှင့် စေတီတောင်၊ ခွဆုံ၊ ကျောက်ရံစသည့် ကျေးရွာ များတွင် ခိုလှုံနေကြရသည်ဟု အဆိုပါ နွားရုံတောင်ကျေးရွာမှ ဒေသခံက ဆက်ပြောသည်။

“အခုလက်ရှိ ကျေးရွာရဲ့အခြေအနေက လူတွေက သွားလို့ မရသေးဘူး။ မြန်မာ့တပ်မတော်က အဲဒီတောင် ကုန်း ပေါ်မှာ ယာယီစခန်းတွေချထားတော့ လူတွေက မသွားရဲဘူးလေ။ ဒီနေ့အခြေအနေကတော့ မိုးလင်း ၂ နာရီ ထိုးလောက်မှာ သူတို့ အမြောက်ကြီး သုံးချက် ပစ်တာတော့ကြားတယ်။ ဘယ်ဖက်ကို ပစ်တယ်ဆိုတာတော့ ကျနော်တို့က မြင်ရတာ မဟုတ်ဘူး အသံပဲကြားတယ်။”

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံများမှာ လွတ်လပ်စွာ လုပ်ကိုင်စားသောက် နိုင်သည့် အခြေအနေ မရှိတော့သည့်အတွက် စားဝတ်နေရေးပိုမိုခက်ခဲလာသည်ဟု ဦးအောင်သောင်းရွှေ က ပြောသည်။

“စားဝတ်နေရေးလည်း ကိုယ့်ဟာကိုယ်ပဲ၊ လယ်ထွန်းနေရင်း ပြေးရတာ။ အရင်ကလည်း အဲ့လိုပြေးနေရ တဲ့လူတွေ၊ တစ်ခေါက်ပြန်လာတယ်၊ အဲ့လိုဖြစ်တယ်၊ ပြန်ပြေးတယ်။ ဘာမှလုပ် လို့မရဘူး။ စားဝတ်နေရေး တော်တော် အခက်အခဲဖြစ်နေတယ်။”

ဇူလိုင် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနဲ့ပတ်သက်၍ သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရသကဲ့သို့ ရက္ခိုင့်တပ်တော် AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကိုလည်း ဆက်သွယ်၍ မရပေ။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။