မွန်ဝန်ကြီးသစ်ရွေးချယ်မှု မွန်လွှတ်တော် သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်။

အသစ်ဖွဲ့စည်းထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပေါင်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ခန့်အပ်ရန် မွန်ပြည်နယ်လွှတ်တော် က သဘောတူလိုက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ခန့်အပ်ရန် လွှတ်တော်က အတည်ပြုခဲ့သည့် အသက် ၄၃ နှစ်အရွယ် ဦးထွန်းမင်းအောင်သည် မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ချောင်းဆုံမြို့နယ် ဒရယ်ရွာဇာတိဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့ (ယနေ့) ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၉) တွင် ပြည်နယ်ဝန်ကြီးချုပ်မှ အမည်စာရင်းတင်သွင်းလာသည့် ဦးထွန်းမင်းအောင်ကို ခန့်အပ်ရန် လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်က သဘောတူတဲ့အတွက် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ ဦးထွန်းမင်းအောင်အား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်နယ်လွှတ်တော်က သဘောတူတယ်” ဟု လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

ဝန်ကြီးချုပ်တင်သွင်းသော အမည်စာရင်းမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေခြင်းကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီခြင်း၊ အရည်အချင်းသတ်မှတ်ချက်ရှိခြင်း၊ အသက် ၃၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်းတို့ကြောင့် လွှတ်တော်က အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော် ဥက္ကဌက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၆၂ အရ လွှတ်တော်မှ သဘောတူလိုက်သည့် ဦးထွန်းမင်းအောင်အား ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ပြီး သမ္မတက ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်သည်။

“နိုင်ငံတော်သမ္မတက ခန့်အပ်ရအုံးမယ် အဲဒါပြီးရင် ကျမ်းကြိမ်ရမယ် အဲဒါပြီးရင် တာဝန်ထမ်းဆောင်ရမှာပေါ့၊ ကိုယ်က ကိုယ်စားလှယ် ဘဝတုန်းကလည်း ပြည်သူဘက်ကို မျက်နှာမူပြီး လုပ်တယ်။ အခုဝန်ကြီးဖြစ်လည်းပဲ မဲဆန္ဒနယ်မြေက ကိစ္စတွေကို ဒါထက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ဦးထွန်းမင်းအောင်က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ယခင်က အစိုးရအဖွဲ့အတွင်း လစ်လပ်နေသည့် ဝန်ကြီးဌာန ၂ ခုအတွက် ဝန်ကြီးခန့်အပ်ခဲ့စဉ်က ပြင်ပက ပညာရှင်များကို ခေါ်ယူခန့်အပ်ခဲ့သော်လည်း ယခုအကြိမ်တွင် လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခန့်အပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ယခင်က ဝန်ကြီးဌာန (၁၀) ခုရှိပြီး မကြာသေးမှီက အသစ်ထပ်တိုးလိုက်သည့် လူဝန်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနနှင့်ပေါင်းလျှင် စုစုပေါင်း ဝန်ကြီးဌာန (၁၁) ခုရှိသည်။

လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ လူမှုရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ ဗမာတိုင်းရင်းသားဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားဝန်ကြီးဌာန၊ ဗအိုဝ်းတိုင်းရင်းသားဝန်ကြီး ဌာနနှင့် အသစ်ဖွဲ့စည်းလိုက်သည့် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်း ထားသည်။