ငြိမ်းချမ်းရေး ညှိုနှိုင်းမှုတွင် တပ်သိမ်းမြေနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ထည့်သွင်းဆွေးနွေးမည်ဟု KNPP ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
တပ်သိမ်းမြေနှင့် ဗိုလ်ချုပ်ကြေးရုပ် ကိစ္စများကို အစိုးရကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP က ပြောသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ တွေ့ဆုံဆွေးနွေးကြမည်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် တပ်မတော် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဆွေး နွေးကြမည်ဟု KNPP က ပြောသည်။
တွေ့ဆုံသည့်အခါတွင် အထက်ပါ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေး သွားမည် ဟု KNPP မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က ပြောသည်။
“အဓိက ကရင်နီပြည်ထဲမှာ ဖြစ်နေတဲ့ မြေပြင် အခြေအနေပေါ့။ အဲဒါကျနော်တို့ အဓိကထား ဆွေးနွေးဖို့ရှိတယ်။ အထူးသဖြင့်တော့ ဒီကြေးရုပ်ကိစ္စ ပြီးတော့ မြေယာကိစ္စပေါ့။ အဲဒီမြေသိမ်းကိစ္စတွေ ပြီးတော့ တောင်သူတွေကို တရားစွဲတဲ့ကိစ္စ လူငယ်တွေကို တရားစွဲတဲ့ ကိစ္စ အဲဒါတွေကို ကျနော်တို့ ပြောဖို့ ရှိပါတယ်။”
လက်ရှိ မြေပြင် အနေအထားအရ ကယားပြည်နယ် (ကရင်နီပြည်) တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များသည့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်လာနိုင့်သည့်အပြင် အဟန့်အတားပါ ဖြစ်လာနေသည့်အတွက် ၎င်းကိစ္စရပ်များကို အဓိကထား ဆွေးနွေးရခြင်းဖြစ်သည်ဟု KNPP ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ဒီကြေးရုပ်ကိစ္စတို့ မြေယာကိစ္စတို့က ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့နော ဒါတွေက ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အခါမှာ ကျနော်တို့အတွက် အဟန့်အတားဖြစ်တယ်လို့ ကျနော်တို့မြင်တယ်။ စိတ်ကိုလည်း ကသိကအောင့်ဖြစ်စေတယ် ပြီးတော့ လူထုဖက်ကိုလည်း ကိုယ်ကကြည့်ရမယ့် အနေအထားမျိုးရောက်သွားတော့ ဆိုတော့ ဒီလူထုရဲ့ ဆန္ဒ လူထုရဲ့ အခြေအနေကို ကျနော်တု့ိ သွားမဆွေး နွေးကူဘူး အဖြေမရှာကူ မဖြေရှင်းကူပဲနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု တွေကို တစ်ခြားလိုင်းနဲ့ပဲ ဆက်သွားနေ မယ်ဆိုရင် အဲဒါလည်း ပြည်တွင်းအတွက်မကောင်းဘူး ပြည်နယ်သူ ပြည်နယ်သားတွေအတွက် မကောင်းဘူး ပေါ့နော။ ပြီး ရင် အဲလို အခြေခံမျိုးနဲ့ ရလာတဲ့ ငြိမ်းချမ်းရေးတွေ ဆိုလို့ရှိရင်လည်း တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်မယ်လို့တော့ ကျနော်တို့ မမြင်ဘူးလေ” ဟု နဲနယ်ပလိုးက ပြောသည်။
ကယားပြည်နယ်(ကရင်နီပြည်) တွင် ဗိုလ်ချုပ်ကြေးရုပ် ပြဿနာနှင့် ပတ်သက်ပြီး ဒေသခံဌာနေတိုင်းရင်းသားများနှင့် ပြည်နယ်အစိုးအရအကြား ပြေလည်မှု မရရှိသေးပဲ ကရင်နီ လူငယ် (၆) ဦးကလည်း တရားရင်ဆိုင်နေရသည်။
ထို့အပြင် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေကြောင့်သော်လည်းကောင်း တပ်သိမ်းမြေကိစ္စကြောင့်သော်လည်းကောင်း ဒေသခံများမှာ လုပ်ကိုင်စားသောက်ခွင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်လာနေရသည်ဟု ဒေသခံများ က ပြောသည်။
မြေယာကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည် တောင်သူသမဂ္ဂက ဥက္ကဌ ခူးတူရယ်က “ စစ်တပ်က မြေယာကိစ္စနဲ့ ပတ်သက်ပြီး တောင်သူတွေကို တရားစွဲတာ ဖမ်းတာတွေရှိတယ်။ အခုက အိမ်ရှင်က ဧည့်သည်ဘဝရောက်နေ တယ်။ ကိုယ့်မြေမှာကိုယ် စိုက်ပျိုးပြီး တရားစွဲခံနေရတယ်။ တောင်သူတွေက အားကိုးရာမဲ့နေတဲ့ အနေအထား မျိုး ဖြစ်နေတယ်။ ဒုသမ္မတလာတော့လည်း တွေ့ ဆုံခွင့်မရခဲ့ဘူး။ ဒါကလည်း ပြည်နယ်အစိုးရပေါ်မှာ မူတည် တယ်ပေါ့နော်” ဟု ပြောသည်။
“အခု KNPP နဲ့ NRPC နဲ့ တပ်မတော်နဲ့ တွေ့ ပြီး မြေယာအရေး ဆွေးနွေးမယ်ဆိုတော့ အရမ်းဝမ်းသာပါ။ ဒါက ကျနော်တို့တောင်သူတွေကို အများကြီး နားလည်ပေးပြီးတော့ ခံစားပေးပြီး ဆွေးနွေးပေးတယ်လို့ပဲ မြင်တယ်။ တပ်သိမ်းမြေတွေပြန်ရချင်တယ်၊ နောက်ပြီး တရားစွဲခံထားရတဲ့ တောင်သူတွေ၊ နောက်ပြီး အဖမ်းခံထားရတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးစေချင်တာပေါ့နော်။ ဒီကိစ္စတွေကို KNPP က ထည့်သွင်းပြီးဆွေးနွေးပေးမယ် ဆိုတော့ ကျေးဇူးတင်တာပေါ့နော်။”
တပ်မတော် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံသည့်အခါတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ “တပ်နဲ့ကျတော့ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်။ ပြီးတော့ အခု က မြေယာကိစ္စမှာရင် တစ်ချို့ဟာတွေက တပ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတာရှိတယ်လေ။ ဆိုတော့ အဲဒါကို လည်း ကျနော်တို့ တပ်နဲ့ဆွေးနွေးဖို့ရှိပါတယ်။ တခြားကိစ္စတွေက ကျနော်တို့ အရင်ကပြေလည်မှု မရသေးတဲ့ KNPP ရဲဘော် အသတ်ခံရတဲ့ကိစ္စ အရပ်သား တစ်ယောက်အသတ်ခံရတဲ့ကိစ္စ ပြီးတော့ တပ်စခန်းအသစ်ချတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီကိစ္စတွေကိုလည်း ကျနော်တို့ ဆက်ဆွေးနွေးဖို့ရှိတယ်” ဟု နဲနယ်ပလိုး က ပြောသည်။
NRPC နှင့် တပ်မတော်တို့အား တွေ့ဆုံဆွေးနွေးမည့်ပွဲကို KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး ကော်မတီအဖွဲ့က သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ၎င်းအဖွဲ့ကို ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က ဦးဆောင်ကာ အဖွဲ့ဝင် ၇ ဦးပါဝင်သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ လယ်ယာမြေကိစ္စရပ်များ အပါအဝင် NCA လက်မှတ်ရေးထိုးရေး ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု KNPP က ပြောသည်။
လက်ရှိ မြေပြင်အနေအထားအရ ပြည်နယ်ထဲတွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေများသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အား NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို နောက်ဆုတ်စေသည် သာမက အဟန့်အတား နှင့် စိန်ခေါ်မှုများကို ဖြစ်စေသည်ဟု KNPP ပြောရေးဆိုခွင့်ရှိသူက ပြောသည်။