ထိုင်း အခြေစိုက် အဖွဲ့အစည်းများနှင့် ကုလကိုယ်စားလှယ် ရန်ဟီးလီ တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် နှစ်ရက်ကြာ တွေ့ဆုံခဲ့ကြောင်း စိတ်ချယုံကြည်ရသော်လည်း အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရသော ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် မူလက ဇူလိုင် ၁၂ ရက်နေ့တွင် မဲဆောက်မြို့သို့ သွားရောက်ပြီး နယ်စပ်ဒုက္ခသည်စခန်းများသို့ လည်ပတ်ရန်စီစဉ်ထားသော်လည်း လုံခြုံရေး အခြေအနေကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ချင်းမိုင်တွင် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စရန်ဟီးလီသည် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ခေါင်းဆောင်ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နှင့် ဖွဲ့စည်းထားသော အမျိုးသမီးများအဖွဲ့ချူပ် ( မြန်မာနိုင်ငံ) WLB က ခေါင်းဆောင်အမျိုးသမီးများနဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများကို ဇူလိုင်လ ၁၃ ရက်နေ့ စနေနေ့တွင် သီးခြားစီတွေ့ဆုံခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ကြုံတွေ့နေကြရတဲ့ အခြေအနေ တချို့ကို မေးမြန်းခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဥက္ကဌ နိုင်ဟံသာ ဦးဆောင်သော ခေါင်းဆောင်ကိုယ်စားလှယ် တချို့နှင့် တွေ့ဆုံခဲ့ပြီး တခြားတိုင်းရင်း သား ခေါင်းဆောင်တချို့နဲ့ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများကိုလည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှုများတွင် သတင်းမီဒီယာများ သွားရောက်သတင်းယူခွင့်မရခဲ့သကဲ့သို့ တွေ့ဆုံခဲ့သည့် ကိုယ်စားလှယ် ခေါင်းဆောင်များကလည်း မေးမြန်းမှုများကို ဖြေကြားရန် ငြင်းဆိုခဲ့ပါသည်။