အနာဂတ် ညွန့်ပေါင်းအစိုးရတွင် ပါဝင်နိုင်ရန် ရည်ရွယ်ဟု KSPP ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက်။

ကချင်ပါတီ ၃ ပါတီပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ပြည်မပါတီများနှင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း ကပြောသည်။

“အဲဒီအတိုင်းပဲ ၂၀၂၀ အတွက် ပြည်မပါတီတွေနဲ့ ဘယ်ပါတီဆိုတာကတော့ ကျနော်ရတိပြတ် ပြောလို့မရဘူး ဒါပေမယ့် တိုင်းရင်းသား အရေးကိုလုပ်မယ့် ပါတီတွေနဲ့တော့ ကျနော်တို့ ဒီ၂၀၂၀ မှာ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့တော့ ကျနော်တို့ ဆန္ဒရှိပါတယ်။”

ထို့သို့ လုပ်ဆောင်နိုင်ရန်အတွက် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA ၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့တို့နှင့် လည်း ချိတ်ဆက်လုပ်ဆောင်သွားမည် ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။

“အဓိကကလည်း မဟာမိတ်နဲ့ လုပ်တဲ့ အချိန်မှာလည်း UNA NBF အကုန်လုံးတွေနဲ့ ထိတွေ့ဆက်ဆံမယ့် သဘောမျိုးတော့ ရှိပါတယ်။”

ယခင်က ကချင်ပါတီ ၃ ခုဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီတို့ကို ပေါင်းစည်းကာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များက ပါတီသစ်အဖြစ် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

လက်ရှိတွင် KSPP ပါတီအနေဖြင့် ပါတီမှတ်ပုံတင် ရရှိထားပြီဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စတင်လုပ်ဆောင်လျက်ရှိပြီး ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့ နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု KSPP ပါတီက ပြောသည်။

“ကျနော်တို့ ဒီအနာဂတ်ကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ အဲဒါတွေ လုပ်လာပါလိမ့်မယ် ဒါကြောင့်မို့ ကျနော်တို့ ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲတွေ ၁၈ မြို့နယ်စလုံး ရွေးကောက်ပွဲဝင်ပြီးမှ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် ယှဉ်ပြိုင်သွားပါလိမ့်မယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။

KSPP ပါတီသစ် အနေဖြင့် ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပါတီရုံးများဖွင့်လှစ်ခြင်း၊ ကော်မတီများ ဖွဲ့စည်းခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပြီး ဇူလိုင်လ ၂၉ ရက် (ယနေ့) တွင်လည်း ပါတီသစ်မိတ်ဆက် ဆုတောင်းသည့် အခမ်းအနားကို ကချင်ပြည်နယ် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပါတီသစ်မိတ်ဆက်အခမ်းအနားတွင် KSPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ က “လွတ်လပ်ရေးရပြီးနောက် ကချင်သမိုင်းတလျှောက်လုံးမှာ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ပါတီထောင်တယ်ဆိုတာ တစ်ကြိမ်တစ်ခါပဲ ရှိဖူးပါတယ်။ ဒါက ပထမဆုံးပါ။ ပါတီတွေဖျက်ပြီး တစ်ပါတီတည်းပေါင်းစည်းဖို့ အခက်အခဲတွေ အများကြီးရှိပါ တယ်။ စိန်ခေါ်မှုတွေအများကြီးရှိတာပါ။ ပြည်သူလူထုရဲ့ အကြံပေးချက်အရ ပေါင်းစည်းနိုင်ခဲ့တာပါ” ဟု ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP သည် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ အရေးကို လုပ်ဆောင်ရန် ဦးတည်ပြီး တည်ထောင်ခဲ့သည့် ပါတီမဟုတ်ပဲ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အားလုံး၏ အရေးကိုလုပ်ဆောင်မည့်ပါတီဖြစ်သည်ဟု ပါတီ ဒု-ဥက္ကဋ္ဌ (၂) က ပြောသည်။

“အဓိကကတော့ ကချင်ပြည်တွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ အကုန်လုံးအတွက် ဖြစ်ပါတယ်။နောက်တစ် ချက်ကတော့ ပြည်ထောင်စုပေါ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာလည်း အကုန်လုံး လက်ရည်တစ်ပြင်တည်း ပါဝင်ဖို့ ဖြစ်ပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စု ၆ စုအပြင် ရှမ်းနီ၊ ဗမာ၊ ရခိုင်၊ ဂေါ်ရခါး အစရှိသည့် တိုင်းရင်းသားများ အားလုံး၏ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိအောင် ကြိုးစားလုပ်ဆောင်သွားမည် ဟု KSPP ပါတီက ဆိုသည်။