ပျောက်ဆုံးနေသော အုပ်ချုပ်ရေးမှူး နှစ်ဦး၏ အလောင်းတွေ့ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက ပျောက်ဆုံးနေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့၏ ရုပ်အလောင်း နှစ်လောင်းကို ကုလားတန်မြစ်(ကစ္စပနဒီမြစ်) ကမ်းစပ်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများ နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို သြဂုတ်လ ၅ ရက်နေ့နှင့် ၄ ရက်နေ့တို့အတွင် အသီးသီးတွေ့ရှိခဲ့သည်ဟု ကျောက်တော်ဒေသခံများက ပြောသည်။
“ကျောက်တော်မြို့နဲ့ ၇ မိုင်အကွာလောက်မှာ ကုလားတန်မြစ်ကမ်းစပ်၊ အဲ့ဒီသောင်ကျွန်းကမ်းစပ် အဲ့ဒီနားမှာ တွေ့တာပေါ့။ အဲ့ဒီကျေးရွာအုပ်စုနဲ့ မလှမ်းမကမ်းမှာ တွေ့တာလေ။ ဆင်အိုးချိုင်ကျေးရွာအုပ်ထဲကရွာပဲပေါ့၊ မွတ်ဆလင်ရွာကနေပဲ ပျောက်သွားတာ” ကျောက်တော်မြို့ က မျက်မြင်သက်သေ ဒေသခံတစ်ဦး က ပြော သည်။
“အဲ့ဒါ ၄ ရက်နေ့က တစ်လောင်းတွေ့တယ်၊ ရာအိမ်မှူး အလောင်းကို တွေ့ရှိတယ်။ ထိုးသွင်းဓားဒဏ်ရာတွေနဲ့ တစ်လောင်းတွေ့ ရှိတယ်၊ ပြီးတော့ ၅ ရက်နေ့ ညနေလောက်က တစ်လောင်းထပ်တွေ့တယ်။ အုပ်ချုပ်ရေးမှူး အလောင်းကို ထပ်တွေ့တယ်၊ ၅ ရက်နေ့ ညနေလောက်မှာတော့ ထိုးသွင်းဓားဒဏ်ရာတွေနဲ့ အုပ်ချုပ်ရေးမှူး အလောင်းကိုတွေ့ရှိတယ်။ ၃ ရက်နေ့ နေ့လည်ပိုင်းက ပျောက်သွားတာ။”
သေဆုံးသူများမှာ ဆင်အိုးချိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်နှင့် သာဒါဆိပ်ကျေးရွာမှ ရာအိမ်မှူး ဦးမောင်ဝင်းနိုင်တို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အိမ်ထောင်စုစာရင်းလုပ်ရန်သွားရာတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ မည်သူ မည်ဝါမှ သတ်သွားသည်ကို အတိအကျမသိရသေးဘူးဟုလည်း ဒေသခံများက ပြောသည်။
“ဆင်အိုးချိုင်အုပ်စုထဲက ဆင်အိုးပေါက်တောကျေးရွာပေါ့၊ မွတ်ဆလင်ရွာပေါ့၊ လောလောဆယ်မှာတော့ အဲ့ဒီက ရွာသားတွေကို ကျောက်တော်မြို့မ ရဲစခန်းက ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့တော့ သိရတယ်။ မနေ့ က ခေါ်စစ်တယ်လို့ပြောတယ်၊ ရဲစခန်း ကိုဖုန်းဆက်တော့ ဖုန်းမကိုင်လို့လေ၊ တစ်စုံတစ်ရာ ရှင်းရှင်းလင်းလင်း တော့ မသိရသေးဘူးဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောက်တော်မြို့မ ရဲစခန်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ကျနော်တို့ ဒီကြားထဲမှာ ဖြစ်ခဲ့တာတွေလည်းရှိတယ်။ တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် နယ်မြေ မတည်ငြိမ်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးမှုတွေ လျော့ရဲလာတဲ့အခြေအနေမျိုးတွေရှိတယ်။ ကျနော်တို့ လူတစ်ယောက်လိုပြောမယ်ဆိုရင် ကိုယ်ခံအားတွေ လျော့နည်းလာတော့ ရောဂါပေါင်းစုံဝင်လာတဲ့ အခြေအနေမျိုးတွေပေါ့၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေ ဖြစ်လာနေတယ်ပေါ့” ဟု ပြောသည်။
ဒေသအတွင်း နယ်မြေမတည်ငြိမ်မှုများ၊ ပဋိပက္ခများကြောင့် ဥပဒေစိုးမိုးမှု အားနည်းလာသလို ရည်ရှည်တွင် အုပ်ချုပ်ရေးယန္တရားကိုပါ ထိခိုက်လာစေနိုင်သည်ဟု ဒေသတွင်းက ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက သုံးသပ်နေကြသည်။
“ဆိုတော့ အခင်းတစ်ခုဖြစ်ပြီဆိုရင် ကျနော်တို့ ဒေသမတည်ငြိမ်တဲ့အခါမှာ ဥပဒေစိုးမိုးရေးလုပ်တဲ့ လူတွေက လည်း ထိထိရောက်ရောက်မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးတွေ ကျနော်တို့ရှိတယ်။ အဲ့ဒါတွေကို အခွင့် ကောင်းယူပြီးတော့မှ အချင်းချင်းပဋိပက္ခဖြစ်တဲ့အခြေအနေတွေကို အသုံးချသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆိုတော့ တော်တော်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုပေါ့” ဟု ဦးထွန်းဝင်း က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးလည်း နေအိမ်အတွင်း အမည်မသိသေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။