စစ်အာဏာရှင်ကို ဆက်လက် တိုက်ပွဲဝင်ရန် ဆက်လက်ရှိနေဦးမည်ဟု ကျောင်းသားတပ်မတော် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်။

စစ်အာဏာရှင်စနစ်သည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေဆဲဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရန်လိုသည်ဟု လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များကပြောသည်။

“ဒီကနေ့ ဒီအချိန် ခါမှာလည်းပဲ ဆက်လက်ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ စစ်အာဏာရှင်ကို ကျနော်တို့ ဆက်လက်ပြီးမှ တိုက်ထုတ်နိုင်ဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်နေရဆဲဖြစ်တယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF – NB ဥက္ကဋ္ဌ ဦးလဆိုင်းက ပြောသည်။

သြဂုတ်လ ၈ ရက်နေ့ (ယမန်နေ့) က ကျရောက်သည့် ၃၁ နှစ်ပြည့် ရှစ်လေးလုံး အခမ်းအနား မိန့်ခွန်းတွင် ကျောင်းသားတပ်မတော် ခေါင်းဆောင်က ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ဗဟိုကော်မတီဝင် စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ်ဇော်တောင်က “ကျနော်တို့ ဒီရှစ်လေးလုံး အရေးတော်ပုံကြောင့် တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်သော်ငြားလည်းပဲ နောက်ထပ်စစ်အာဏာရှင်စနစ်တစ်ရပ်ကို ကျနော်တို့ ပြန်ပြီးမှ ရင်ဆိုင်နေရပါတယ်။ အခုလည်း စစ်အာဏာရှင်စနစ် ဆက်လက်ရှိနေပါသေးတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် ပြည်တွင်းပြဿနာ အားလုံး၏ အရင်းအမြစ်သည် စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်တောင်က ဆက်ပြောသည်။

“ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံဟာလည်း ဒီစစ်အာဏာရှင် စနစ်ကြောင့်သာ ဖြစ်တယ်ဆိုတာ ကျနော်တို့ အားလုံးသိတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ကျဆုံးဖို့အတွက် ကျနော်တို့ ဆက်လက်ပြီးမှ တိုက်ပွဲ ဝင်ကြရမှာ ဖြစ်တယ်” ဟု ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးမှ စတင်ခဲ့သည့် လူထုလှုပ်ရှားမှုကြီးသည် ယနေ့အချိန်အထိ မအောင်မြင်ရသေးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားနှင့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအကြားတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ကျောင်းသားတပ်ဖွဲ့ ခေါင်းဆောင် ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောသည်။

“ကျနော်တို့ရဲ့ ဒီနိုင်ငံရေး အင်အားစုတွေကြားထဲမှာ စည်းလုံးညီ ညွှတ်မှု မရှိဘူး နောက်တစ်ခု နိုင်ငံရေးမှာ ပြတ်ပြတ်သားသားနဲ့ နိုင်ငံရေး လေဟာနယ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အာဏာအပေါ်မှာပေါ့နော ခုနက ကျနော်ပြောသလို တစ်စည်းတစ်လုံးနဲ့ ဒီအပြောင်းအလဲကို သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်းပြီးတော့မှ ဖွဲ့စည်းလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မကျခဲ့တာဟာ ကျနော်တို့အတွက် အများကြီး ဆုံးရှုံးခဲ့ တယ်လို့ပဲ ကျနော်ယူဆတယ်”

ရှစ်လေးလုံး အရေးတော်ပုံကာလက လူထုတစ်ရပ်လုံး ကြွေးကြော်ခဲ့ကြသည့် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုသည့် ကြွေးကြော်ချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါက နိုင်ငံအတွက် အပြောင်းအလဲတစ်ရပ် ဖြစ်သွားနိုင်သည်ဟုဆိုသည်။ သို့သော် ထို့သို့လုပ်ဆောင်နိုင်ရန် ခေါင်းဆောင်များအနေဖြင့် ဆုံးဖြတ်ချက် မချနိုင်ခဲ့သည့်အတွက် မအောင်မြင်ရခြင်းဖြစ်သည်ဟု ရဲဘော်သံခဲက ပြောသည်။

ကျောင်းသား တပ်မတော် အနေဖြင့်လည်း ရှစ်လေးလုံး အရေးတော်ပုံကာလက တောင်းဆိုခဲ့သည့် ပြည်သူလူ ထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး စသည့် တောင်းဆိုချက်များသည် ယနေ့အချိန်အထိ မရရှိသေးသည့်အတွက် ရရှိသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

“ဒီကနေ့ ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက်မှာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးဟာ အန္တိမ ရည်မှန်း ချက် ဖြစ်လာပါတယ်။ ဒီကနေ့ ဒီဟာတွေရပြီလာ ဆိုလို့ရှိရင် ကျနော်တို့ တစ်ခုမှ မရသေးပါဘူး။ ဒါကြောင့်မို့လို့ ကျောင်းသား တပ်မတော်ဟာလည်းပဲ ဆက်လက်ပြီးတော့ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲမှာ ဆက်လက်ရှိနေမှာ ဖြစ်တယ်။ ကျနော်တို့ ကျောင်းသားတပ်မတော်အနေနဲ့ ရဲရဲကြီး ကတိပေးပါတယ်” ဟု ဦးလဆိုင်းက ပြောသည်။

၃၁ နှစ်ပြည့် ရှစ်လေးအခမ်းအနားကို တရုတ်-မြန်မာနယ်စပ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီးရှိ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) ဌာနချုပ် ဂျန်ထုန် လခွမ်းဘွမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA မှ အရာရှိများ၊ ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ ABSDF တာဝန်ရှိ သူများနှင့် ရဲဘော်၊ ရဲမေများအပြင် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။