တပ်မတော် နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တိုက်ခိုက်ကြောင်း ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်။
မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် အနီးအနားရှိ တပ်စခန်းများကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်တော် TNLA က အတည်ပြုပြောဆိုသည်။
“ဒီမနက်မှာတော့ တိုက်ပွဲက ၅ နေရာရှိတာနော ပြင်ဦးလွင်ဖက်မှာတော့ ၂ နေရာ နောင်ချိုဖက်မှာတော့ ၃ နေရာ ပြင်ဦးလွင်ကတော့ DSTA ကျောင်းရယ် ဒီမြို့ရှောင်လမ်းက တိုးဂိတ်တစ်နေရာရယ်။ နောက်ချိုဖက်က မြို့အဝင် တိုးဂိတ်ရယ်၊ ဒီလောဖန်နားရယ် ဒီဂုတ်ထိပ်အထက်နားက တစ်နေရာရယ်ပေါ့နော အားလုံး ၅ နေရာ ဖြစ်တယ်” မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။ “ဖြစ်တာကတော့ ကျနော်တို့ ညီနောင် မဟာမိတ်ဖြစ်တဲ့ MNDAA AA ကျနော်တို့ TNLA သုံးဖွဲ့ ပူးပေါင်း အဖွဲ့ဖြစ်တာပေါ့နော်”
စစ်ရေးတိုက်ခိုက်မှုများကို လျှော့ချရန်ပြောဆိုထားသော်လည်း ထူးခြားမလာသည့်အတွက် စစ်ရေးအရ ပြန်လည်ဖိအားပေးသည့်အနေဖြင့် တပ်မတော်၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောသည်။
“ကျနော်တို့ ဒေသဖက်ကို တောက်လျှောက် ထိုးစစ်တက်လာတယ်။ ထိုးစစ်တက်လာတဲ့အတွက် တိုက်ပွဲက ဒီလထဲမှာ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်လာတယ် ရခိုင်ဖက်မှာလည်း တိုက်ပွဲတွေ ဖြစ်လာတယ် အဲဒါကြောင့်မို့လို့ ကျနော်တု့ိ အဖွဲ့တွေ လည်း စတိတ်မင့်လည်း ထုတ်ထားတယ်ပေါ့နော်။ ဒီထိုးစစ်တွေ မပြုလုပ်ဖို့ ပြန်ရုတ်ဖို့ ဒါပေမယ့် ဘာမှမထူးခြားဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ခုခံကာကွယ်စစ်ပုံစံနဲ့ ကျနော်တို့က ပြန်လည်စစ်ရေး ဖိအားပေး ဖန်တီးတာဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့ (ယနေ့)နံနက် ၅ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်း ပညာတက္ကသိုလ်၊ ပြင်ဦးလွင် မြို့ရှောင်လမ်းရှိ တိုးဂိတ်၊ ရှမ်းမြောက်ဒေသ နောင်ချိုမြို့အဝင် ပြည်ထောင်စုလမ်း မကြီးပေါ်ရှိ တိုးဂိတ်၊ နောင်ချိုမြို့နယ် လောဝ်ဖန်တွင်တစ်နေရာနှင့် နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတား အထက် ဖက်တွင် တစ်နေရာတပြိုင်နက်တည်း ပစ်ခတ်မှုများ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေတစ်ဦးကလည်း “နောင်ချို မူးယစ်ဂိတ် မီးရှို့ဖျက်ဆီးခံထားရတယ်။ ဂိတ်က ကားတွေလည်း မီးရှို့ခံထားရတယ်။ ဂုတ်တွင်းဘက်လည်း သွားလို့မရသေးဘူး။ လမ်းတွေပိတ်ထားတုန်း။ ဒဏ်ရာရတဲ့ လူကများတယ်။ အခုလူမှုကယ်ဆယ်ရေး အဖွဲ့ တွေက ၆ ယောက်လောက်ကို ဆေးရုံပို့လိုက်တာရှိတယ်။ ပြီးတော့ မီးရှို့ခံထားရတဲ့ အလောင်းလည်းတစ်လောင်းရှိ တယ်လို့ ပြောတယ်။ ဂုတ်တွင်းမှာလည်း သေတဲ့လူရော ဒဏ်ရာရတဲ့လူတွေရောရှိတယ်လို့ပြောတယ်။ အခုက ဒီသီပေါ ဘော်ကြိုလောက်ကနေစပြီး လမ်းတွေ ပိတ်ထားတယ်။ ရှင်းလင်းရေးဘာမှမလုပ်ရသေးလို့တော့ပြောတာပဲ” ဟု ယနေ့ နံနက်ပိုင်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်လည်း မိမိတို့ ညီနောင်သုံးဖွဲ့ လှုပ်ရှားသော မြန်မာပြည်မြောက်ပိုင်း၊ ရခိုင်ဒေသများ၌ မြန်မာစစ်တပ်၏ မိမိတို့ ညီနောင်မဟာမိတ်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု မှန်သမျှကို အမြန်ဆုံးရပ်တန့်ရန် မြန်မာစစ်တပ်အား အလေးအနက် တောင်းဆိုလိုက်သည်။ ဖြစ်ပွားနေသည့် စစ်ပွဲများကို မရပ်ဆိုင်းပဲ ထိုးစစ်ဆင် လှုပ်ရှားမှုများ၊ ဆက်လက်ပြု လုပ်နေမည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မြန်မာစစ်တပ်၏ တာဝန်ပင် ဖြစ်လိမ့်မည်ဟု ပါရှိသည်။
လက်ရှိအချိန်အထိ တိုက်ပွဲမှာ ဂုတ်ထိပ်အနီးတစ်ဝိုက်တွင် ဆက်လက်ဖြစ်ပွားနေပြီး ကားများလည်း ပိတ်မိနေသည်ဟု ဂုတ်ထိပ်ဒေသခံတစ်ဦးက ပြောသည်။
“အခုကတော့ ဘယ်လိုလဲဆို တိတ်သွားလိုက် ပြန်ကြားလိုက် အဲလိုတော့ ကြားတယ်။ခဏနေပြန်ကြားလိုက် ပြန်တိတ်သွားလိုက် အဲလိုမျိုးပေါ့။ ဒါပေမယ့် တစ်ဆက်တည်းကတော့ အဲလိုမျိုးတော့ မကြားဘူးပေါ့။ ကားကတော့ လုံးဝသွားလို့ မရတော့ဘူး သူက ခြောက်ထပ်ကွေ့အထိကိုရှိတယ် တစ်ချို့အဆင်းကားတွေလေ မဆင်းရဲဘူး။ အခုက ဇီးပင်တံတားမှာ သောင်တင်နေတာလည်း အများကြီး”
တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲ တွင် မူးယစ်ဆေးဝါးနှိမ်နင်းမှုကို မကြေနပ်၍ ယခုလို တိုက်ခိုက်လာခြင်း ဖြစ်နိုင်သည်ဟု စွပ်စွဲထားသည်။
“ယခုဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါးစုစုပေါင်း တန်ဖိုးငွေ ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက် စက်အပါအဝင် ဆက်စပ်ပစ္စည်းများ ဘိန်းချက်စခန်းများအားလည်းကောင်း။ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း” ကြောင့် ယခုလို တိုက်ခိုက်မှုများ ဖြစ်လာခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် တိုက်ခိုက်မှုအတွင်း တပ်မတော်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အပြစ်မဲ့ဝန်ထမ်း ၁ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
တိုက်ပွဲများကို လျှော့ချပေးရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တွေ့ ဆုံဆွေးနွေးသည့် အခါတိုင်း ထည့်သွင်းဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမလာပဲ ၎င်းတို့၏ ဒေသအတွင်း တပ်မတော်မှ ထိုးစစ်များ ပိုမိုပြုလုပ်လာသည့်အတွက် ပြန်လည်ဖိအားပေး တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဆိုသည်။