လားရှိုးမြို့နယ်အတွင်း လက်နက်ကြီးကျ၍ လူတစ်ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ယမန်နေ့ညပိုင်းက လက်နက်ကြီးကျည်ကျပြီး ဒေသခံရွာသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ရွာသား ၄၀၀ ကျော်လည်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက် ခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့နယ် ကုန်းဆာကျေးရွာအုပ်စုအတွင်းရှိ ကုန်းဆာကျေးရွာတွင် သြဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီ အချိန် ခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းကြောင့် ကုန်ဆာရွာသား အသက် (၅၀) အရွယ် လုံးအေး ဆိုသူအား ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လားရှိုးဒေသခံတစ်ဦးက “မနေ့ညက ရွာထဲလက်နက်ကြီးကျလို့ လူတစ်ယောက်ဆုံးသွားတယ်။ လက်နက်ကြီး စထိပြီး ရွာသားက ပွဲချင်းပြီးသေသွားတယ်။ မနေ့က ဆုံးသွားတဲ့ အဲ့ဒီဦးလေး အသုဘသွားချနေကြတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေလည်းပါတယ်” ဟု နေ့ခင်းပိုင်းတွင် ပြောသည်။
လက်နက်ကြီးထိမှန် သေဆုံးသွားသည့် လုံးအေး ၏ ရုပ်အလောင်းအား လားရှိုးမြို့ ရှိ ပေးသောလက် ပရဟိတ လူမှုကူညီရေး အသင်းက ယနေ့နံနက်က သွားရောက် သယ်ထုတ်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်မှာ မည်သည့်တပ်ဖွဲ့က ပစ်ခတ်ကြောင်း အတည်ပြုချက် မရရှိပါ။
ကုန်းဆာကျေးရွာရှိ ဒေသခံရွာသား ၄၀၀ ကျော်နှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာ ၎င်းကျေးရွာများ အနီးတစ်ဝှိုက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများသွားရောက် ကူညီရန်လည်း လမ်းကြောင်းလုံခြုံမှု မရှိသည့်အတွက် အခက်အခဲဖြစ်နေရသည်ဟု ဒေသခံများနှင့် ပရဟိတ လူမှုကူညီ ရေး အသင်းအဖွဲ့များက ပြောသည်။
“အဲ့ဘက်အခြေအနေက ရွာတွေထဲမှာ လူတွေရွာသားတွေက မနေရဲဘူးတဲ့။ တော်တော်များများ အားလုံးနီးပါး အနီးအနားက ဘုန်းကြီးကျောင်းတွေရောက်နေတယ်။ အကုန်လုံးရှောင်နေကြတယ်။ ကုန်းဆာဘုန်းကြီးကျောင်း တို့၊ အဲ့နားတဝှိုက်က မိုင်းတင်ဘုန်းကြီးကျောင်းတို့မှာ ရောက်နေတယ်လို့ ပြောတယ်။ အဲ့နားရွာက တခြားရွာကလည်း ဒီလားရှိုးမန်ဆူကို ဟိုတနေ့ကတည်းက ရောက်နေတာရှိတယ်” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
လားရှိုးမြို့မှ ဒေသခံ ရှမ်းလူငယ်တစ်ဦးကလည်း “လောလောဆယ်တော့ ကိုယ့်ဟာနဲ့ကိုယ်ယူလာကြတဲ့ ရိက္ခာတွေ၊ နည်းနည်းပါးပါး ကူညီတာတွေနဲ့ ဖြေရှင်းနေ ကြတုန်းပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီဘက်က တပ်တွေဘာ တွေခံနေတော့ သွားလို့လာလို့လည်း နည်းနည်းလေး ခက်ခဲနေတယ်။ သွားဖို့လာဖို့ အဆင်မပြေတာပေါ့နော်” ဟု ပြောသည်။
လားရှိုးမြို့နယ်အတွင်းရှိ အောင်သစ္စာရပ်ကွက်သစ်နှင့် ကုန်းဆာကျေးရွာအနီးရှိ တာပုံကျေးရွာ ဒေသခံ အ ယောက် (၈၀၀) ခန့်ကလည်း ယခုခါ လားရှိုးမြို့ရှိ မန်ဆူဘုန်းတော်ကြီးကျောင်း တွင် စစ်ဘေးရှောင်နေကြရသည်ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်များ အပါအဝင် ယမန်နေ့က ထွက်ပြေးတိမ်းရှောင်ရသည့် ကုန်းဆာကျေးရွာနှင့် အနီးတဝှိုက်က ဒေသခံများနှင့်ဆိုပါက လားရှိုးမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၂၀၀ ကျော်သွားပြီဟု ဒေသခံများနှင့် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များက ပြောသည်။
ထို့အပြင် သိန္နီမြို့ နှင့် ကွတ်ခိုင်မြို့တို့အတွင်းလည်း စစ်ဘေးရှောင် ၈၀၀ ကျော်ခန့် ရောက်ရှိနေပြီး နှစ်ဖက် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများအကြား ပိတ်မိပြည်သူများ ထောင်နှင့်ချီရှိနေသည်ဟု သိရသည်။
သြဂုတ်လ (၁၅) ရက်နေ့က ပြင်ဦးလွင်မြို့ ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများအား မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ က တိုက်ခိုက်ခဲ့ပြီးနောက် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာအတော်များများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ မှ အဖွဲ့ဝင်တစ်ဖွဲ့ ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ရဟတ်ယာဉ်တွေနဲ့ လာပစ်တာလည်း ရှိတယ် ဒီရက်ပိုင်းက။ လမ်းမတဝိုက်မှာတော့ တချို့နေရာမှာ သူတို့အဖွဲ့ရှိတယ်။ တချို့နေရာမှာဒီဘက်ကရှိတယ်။ စစ်ရေးက တင်းမာနေတယ်။ စစ်ရေးလှုပ်ရှားမှုက တောက်လျှောက်ပြုလုပ်နေတယ်။ တိုက်ပွဲက ထိုးစစ်အပေါ်မှာပဲ မူတည်တယ်။ ထိုးစစ်က များနေရင် ကျနော်တို့လည်း မလွှဲမရှောင်သာ ပြန် လည်ခုခံကာကွယ်သွားရမယ်။ ထိုးစစ်ပြင်းထန်ရင် တိုက်ပွဲက ဆက်ပြီးပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ပြောသည်။
မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA-ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ နှင့် တပ်မတော်အကြား သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။