ရှမ်းမြောက် တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည်များ တိုးပွားနေပြီး အကူအညီများလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည့်အပြင် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မျာက ပြောသည်။

ကွတ်ခိုင်မြို့သို့ စစ်ဘေးရှောင်လာကြသည့် စစ်ရှောင်ပြည်သူများအတွက်လည်း စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများလိုအပ်နေပြီး အချို့နေရာမှာ သွားရောက်ကူညီရန် စစ်ရေးတင်းမာနေမှုကြောင့် လမ်းကြောင်းအဆင်မပြေဘူးဟု နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) က ကိုမျိုးက ပြောသည်။

“အခုကျနော်တို့ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းရွာပေါ့နော်၊ ၃၈ မိုင် မန်ပြိန်းရွာကို ရောက်ခဲ့တယ်။ အဲ့မှာ စစ်ရှောင်ဦး ရေ ၂၀၀ နီးပါးရှိတယ်။ အဲ့ဒီမှာ မန္တလေးဟိန္ဒူလူမှုကူညီရေးအသင်းက ပို့တဲ့ ပစ္စည်းတွေကို သွားပို့တာပေါ့နော်။ အဲ့ဒီရွာရဲ့ အထွက်နားမှာကို အခုကတိုက်ပွဲတွေဖြစ်နေတာပါ။ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ လိုအပ်နေ တယ်။” ဟု ကိုမျိုးက ပြောသည်။ “နောက်ထပ် ကွတ်ခိုင်မြို့ရဲ့ အဝင်နားမှာကို တော်တော်လေးလိုအပ်မှုတွေရှိနေတယ်။ အဲ့ဒီကိုက ဘယ်လို မှသွားလို့မရဘူး ဒီရွှေကမ္ဘာအေးကျောင်းမှာပေါ့။ လူဦးရေ ၂၀၀ ကျော်ရှိတယ်။ အဲ့ဒီကို ဘယ်လိုမှ ဝင်လို့မရနိုင်ဘူးဖြစ်နေတယ်။ နမ့်ဟူးဒဲ့ရွာဘက်ကနေ ထွက်ပြေးနေကြရတယ်လို့ ဆရာတော်က ပြောပြတယ်။”

ကွတ်ခိုင်မြို့နယ်အတွင်းရှိ လွယ်ဆမ်ဆစ်တောင်(တောင်သုံးဆယ်) အနီးတဝိုက်၊ နမ့်ပါချီးကျေးရွာ နှင့် နမ့်ဟူးဒဲ့ကျေးရွာနားတဝှိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာအတွင်း လက် နက်ကြီးကျည်ကျရောက်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ PSLF/TNAL သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “မနေ့ကတော့ ကွတ်ခိုင်ဘက်မှာရော၊ ကျောက်မဲဘက်မှာရော ဖြစ်တယ်။ ကျနော်တို့ညီနောင် ၃ ဖွဲ့နဲ့ ဖြစ်တာ အားလုံးပေါင်း ၆ ကြိမ် ၇ ကြိမ်လောက်ရှိတယ်။ ကွတ်ခိုင်ဘက်တော့ တောင်သုံးဆယ်တို့ နမ့်ကွတ်တို့ဘက်ပေါ့၊ နမ့်ခိုင်တို့ အဲ့နားမှာဖြစ်တယ်။ ကျောက်မဲကတော့ ပန်စံနဲ့ ပန်မကြားမှာ ဖြစ်တယ်။ ရှမ်းမြောက်ရော၊ ရခိုင်မှာရော ဖြစ်တယ်။” ဟု ပြောပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ပြောသည်။ “ဒီနေ့လည်း ကျောက်မဲရော ကွတ်ခိုင်မှာရောပေါ့၊ လက်ရှိကျနော်တို့ရတဲ့ သတင်းအရက အားလုံး အသေးစိတ်တော့ မရသေးဘူး။ ကျောက်မဲတော့ မနေ့ကဖြစ်တဲ့နေရာရယ်၊ ပန်ခါးမွန်းတောင်နေရာနားရယ်ပေါ့။ ဒီသုံးရက်အတွင်းတော့ တိုက်ပွဲက အကြိမ်ရေ ၄၀ ဝန်းကျင်လောက်ရှိသွားပြီ” ဟု ပြောသည်။

ပြင်ဦးလွင်မြို့ ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများအား သြဂုတ်လ (၁၅) ရက်နေ့ က မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ က တိုက်ခိုက်ခဲ့ပြီးနောက် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမ ကြီးတစ်လျှောက်နှင့် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တိုက်ပွဲ အကြိမ်ရေ ၄၀ ဝန်းကျင်ခန့် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် လားရှိုးမြို့ ရှိ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် အယောက် ၁၀၀၀ ကျော်၊ တာယောဝ်ဘုန်းတော်ကြီးကျောင်းတွင် အယောက် ၇၀၀ ကျော်၊ ပန်နားဘုန်းတော်ကြီးကျောင်းတွင် အယောက် ၁၀၀ ကျော်၊ မတ်ချီနုဘုန်းတော်ကြီးကျောင်းတွင် အယောက် ၄၀၀ ကျော်၊ မိုင်းတိန်ဘုန်းတော်ကြီးကျောင်းတွေင် အယောက် ၅၀၀ ကျော် ရောက်ရှိနေသည်ဟု သိရသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင်းရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတွင် လမ်းလုပ်သား စစ်ဘေးရှောင် ၂၀၀ ကျော်၊ နီးစပ်ရာဆွေမျိုးများအိမ်တွင်လည်း အယောက် ၁၅၀ ကျော်ခန့် နှင့် အင်မိန်းကျေးရွာအုပ်စု အတွင်းရှိ နမ့်ဟူးဒဲ့ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၂၀၀ နီးပါးခန့် ထွက်ပြေးခိုလှုံနေကြရသည်ဟု သိရသည်။

သိန်းနီမြို့ ရှိ နမ့်စလပ် ရိုမန်ကက်သလစ်ဘော်ဒါဆောင်တွင်လည်း စစ်ဘေးရှောင် ၃၀၀ ကျော်ရောက်ရှိနေသည် ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

“အဓိကလိုအပ်နေတာကတော့ အစားအသောက်ပါ။ တတ်နိုင်သလောက်တော့ အားလုံးက ဝိုင်းပြီးကူညီကြတယ်။ အခုကျနော်ရောက်တဲ့နေရာမှာဆိုရင် စားသောက်ကုန်လိုအပ်မယ်။ အဝတ်အထည်နဲ့ စောင်လည်း လိုအပ်နေတယ်။ ဒီသိန်းနီနဲ့ လားရှိုးကြားတော့ သွားလို့ရတယ်။ အခုရောက်နေတဲ့ မန်ပြိန်းရွာကျော်ပြီးမှကို ဆက်သွားလို့မရသေးဘူး။ ဒီနမ့်ဖက်ကာဘက်ကိုပေါ့၊ နောက်ပြီး နမ့်ဟူးဒဲ့ဘက်ကို သွားလို့မရတော့ဘူး” ကွတ်ခိုင်မြို့ ရှိ အချို့သော စစ်ဘေးရှောင်များအား ရိက္ခာလာပို့သည့် ကိုမျိုး က ပြောသည်။

လားရှိုးဒေသခံ လူငယ်တစ်ဦးက “နေရေးထိုင်ရေးနဲ့ ရိက္ခာကတော့ ရှိတာလေးနဲ့စားတယ်။ ကိုယ့်ဟာကိုယ် ယူလာတဲ့ရိက္ခာနဲ့ ဒီကလူငယ်တွေ၊ အရပ်ဘက်အဖွဲ့တွေ ကူညီပေးနေတာတွေနဲ့ ဖြေရှင်းနေရတယ်။ သွားဖို့လာဖို့ ကလည်း အဆင်မပြေသေးဘူးလေနော်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတယ်ဆိုတော့” ဟု ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအား လားရှိုး၊ သီပေါ၊ သိန်းနီမြို့တို့ရှိ အရပ်ဘက်လူမှုကူညီရေးအသင်းများက စားနပ်ရိက္ခာများကို ကူညီ ပံံ့ပိုးပေးလျှက်ရှိသည်။

သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/ MNDAA-ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ နှင့် တပ်မတော်အကြား စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။