မြောက်ပိုင်း အဖွဲ့များနှင့် တရုတ်ကိုယ်စားလှယ်တွေ့ဆုံဟု မြန်မာပြောခွင့်ရ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေးတွေဆုံဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်တို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ဆုံနေကြသည်ဟု မြန်မာအစိုးရ အရာရှိ တစ်ဦးကပြောသည်
ထိုင်းနိုင်ငံ ချင်းမိုင်ကို ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဒီနေ့ပဲ သူတို့ ကူမင်းမှာတွေ့နေပြီလို့ သတင်းကြားတယ်။ သို့သော် အဲဒီရလဒ်က ဘယ်လိုဖြစ်လာမလဲတော့ မသိဘူးပေါ့” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
သို့သော် တွေ့ဆုံမှုကို အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာတွင် တွေ့ဆုံမှုနှင့် ပတ်သက်၍ အတည်ပြုပေးနိုင်ခြင်းမရှိပေ။
မြောက်ပိုင်း မဟာမိတ် FPNCC အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်ဘာမှ မကြားမိဘူး။ တွေ့တာတော့ တွေ့မှာပါ ဒါပေမယ့် အခုလော လောဆယ် ကျနော် အတည်ပြုပြောဖို့ စောပါသေးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ လူကြီးပိုင်းတွေက ခရီး ထွက်တယ် ဆိုတာလောက်တော့ ကျနော်ကြားပါတယ်။ ဒါပေမယ့် ဘယ်ကိုထွက်တယ်ဆိုတာက ကျနော်ဘာမှ မကြားဘူး” ဟု ပြောသည်။
FPNCC ထိပ်ပိုင်းခေါင်းဆောင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနိုင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။
“ငြိမ်းချမ်းရေး ကိစ္စမှာ အဓိကကတော့ ပစ်ခတ်တိုက်ခိုက်မှု မရှိပဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခွင့်အရေးကို ဘယ်လိုပေးမလဲဆိုတဲ့ ပြဿနာကို တိုင်းရင်းသားတွေဖက်ကတော့ တင်ပြမှာပေါ့။ အစိုးရဖက်ကလည်းပဲ ဒီကိစ္စကို ဘယ်လိုစဉ်းစားမလဲဆိုတဲ့ အပိုင်းဖြစ်မှာပေါ့” ဟု ပြောသည်။
တပ်မတော်နှင့် FPNCC အဖွဲ့ဝင်များဖြစ်ကြသည့် PSLF/TNLA၊ MNTJP/MNDAA-ကိုးကန့်၊ ULA/AA အဖွဲ့များ အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်လမ်းမကြီးတစ်လျှောက်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေးအပေါ် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဦးမောင်မောင်စိုးက ယခုလိုသုံးသပ်သည်။
“တကယ်တမ်းသာ တရုတ်အနေနဲ့ ထဲထဲဝင်ဝင် ညှိနှိုင်းပေးနိုင်မယ် မြောက်ပိုင်းအဖွဲ့ရဲ့ ပြသာနာကို သူတို့လေးလေးနက်နက် စဉ်းစားပေးမယ်ဆိုရင်တော့ တပ်မတော်နဲ့လည်း အဲဒီကိစ္စကို ညှိနှိုင်းပေးနိုင်မယ်ဆိုရင်တော့ လျှော့ချပေးနိုင်မယ်လို့ထင်ပါတယ်။”
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက် ဖြစ်ထွန်းအောင် အကျိုးဆောင်နေသည့် အနေအထားတွင် ရှိနေသည့်အတွက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေးထားသည်ဟု ဦးဇော်ဌေး က ပြောသည်။
“ကျနော်တို့ တောင်းဆိုချင်တာတွေ ပြောချင်တာတွေ တရုတ်ကိုလည်းပြောတယ် အလားတူပဲ EAOs ဖက်ကလည်း သူတို့ပြောချင်တာတွေ တရုတ်ကို ပင်တိုင်ထားပြီး ပြောတာမျိုးတွေလည်းရှိတော့ ဒါပေမယ့် တကယ်တမ်းဆွေးနွေးရတော့ ကိုယ့်နိုင်ငံသားချင်းပဲ ဆွေးနွေးရတယ်။ တရုတ်ကတော့ တွေ့ဆုံပွဲလေးဖြစ်မြောက်အောင် နေရာထိုင်ခင်းတွေ အဆင်ပြေအောင် ဒါမျိုးပေါ့နော အထောက်အကူပြုလို့တော့ရတယ်။ ဒီဝိုင်းကြီးမှာတော့ လာပြီးတော့ သူကလုပ်တာမျိုးတော့ မရှိဘူး။ ဝိုင်းထဲမှာ ဆွေးနွေးတာ ကိုယ့်တိုင်းရင်းသား အချင်းချင်းပဲ ဆွေးနွေးလို့ရမယ်။”
လက်ရှိတွင် FPNCC အဖွ့ဲဝင်များဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/MNDAA တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း သြဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး တိုက်ပွဲ အကြိမ်ရေ ၄၀ နီးပါးဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်၍ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားနေသည်။