မလတ်တောင် ကယ်ဆယ်ရေး ရပ်ဆိုင်းပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
ပြိုကျခဲ့သည့် မလတ်တောင် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၉ ရက်နေ့က မလတ်တောင်ပြိုကျပြီး ၁၀ ရက် အကြာတွင် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများကို ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
“ရှာဖွေမှုက အားလုံးနီးပါးပေါ့နော်၊ ၉၀ ရာခိုင်နှုန်းကျော်ကျော် နီးပါးလောက်က ပြည့်စုံပြီလို့ ပြီးတော့ မနေ့ကနဲ့ တနေ့က (သြဂုတ် ၁၉၊ ၁၈ ရက်နေ့) ရှာဖွေတဲ့နေရာမှာ deadbody (လူသေအလောင်း) တွေ ပြန်လည်တွေ့ရှိတာ မရှိတော့တဲ့ အတွက် လတ်တလောမှာ ရပ်ထားတယ်၊ လိုအပ်ရင်တော့ ရှာဖွေကယ်ဆယ်ရေး ပြန်လည် ဆောင်ရွက်မှာ ဖြစ်ပါတယ်”
သို့သော်လည်း လိုအပ်ပါက ရှာဖွေကယ် ဆယ်မှုများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ပြောသည်။
တောင်ပြိုမှုဖြစ်စဉ်တွင် အိမ်ခြေ ၂၇ လုံးမှ လူဦးရေ ၁၆၉ ဦးအပြင် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ယင်းနေရာသို့ ရောက်ရှိနေသည့် ပြင်ပမှ လူအချို့ လည်း ပါသွားခဲ့ကြောင်း ရှာဖွေကယ်ဆယ်မှုရပ်နားလိုက်သည့်အချိန်ထိ အသက်ရှင် ကျန်ခဲ့သူ ၈၇ ဦး၊ ဒဏ်ရာရသူ ၄၇ ဦးရှိပြီး ရှာဖွေကယ်ဆယ်ခဲ့သည့်ရုပ်အလောင်း ၆၉ လောင်းရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။
ထို့အပြင် ဒဏ်ရာရသူများထဲမှ တစ်ဦးသည်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရာ အတည်ပြုနိုင်သော သေဆုံးသူ စုစုပေါင်း ၇၀ ရှိခဲ့သည်။
“ပျောက်ဆုံးနေတာတွေတော့ ရှိနေသေးတယ်၊ အတိအကျတော့ မပြောနိုင်ဘူး၊ အခုကတော့ ရှာဖွေကယ်ဆယ်ရေးက ရပ်နားလိုက်ပြီ” ဟု သဲဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
တောင်ပြိုမှုဖြစ်သွားသည့်နေရာတွင် ဘူမိဗေဒပညာရှင်များ၏ အကူအညီဖြင့် စစ်ဆေးမှုပြုလုပ်ထားပြီး အဖြေမထွက် သေးကြောင်း အဖြေထွက်လာမှသာ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို တိတိကျကျ ပြောနိုင်မည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်း က ပြောသည်။
လတ်တလောတွင် တောင်ပြိုမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးတဝှိုက်အား အန္တရာယ်မရှိအောင် ရှင်းလင်းမှု ပြုလုပ်ထားကြောင်းလည်း ဆက်ပြောသည်။
တောင်ပြိုမှုဖြစ်စဉ်တွင် ပါသွားသည့် မိသားစုတို့မှ ကျန်ရစ်သူများကို ပြည်နယ်အစိုးရမှ တစ်အိမ်ထောင်လျှင် ကျပ် ၅ သိန်း ထောက်ပံ့ပေးထားပြီး ပျက်စီးသွားသည့်အိမ်များကိုလည်း ပြန်ဆောက်ပေးသွားမည်ဟု ပြည်နယ် အစိုးရက ပြောသည်။ မည်သို့ပြန်လည်ဆောက်လုပ်ပေးမည်ကိုတော့ အတိအကျ ပြောဆိုခြင်း မရှိသေးပေ။
တောင်ပြိုကျမှုကြောင့် လူနေအိမ် ၂၇ လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အိမ်စီး မော်တော်ကားများ၊ မော်တော်ယာဉ် ၁၀ စီး၊ ၂၂ ဘီး မော်တော်ယာဉ် ၅ စီး၊ ထော်လာဂျီ ၂ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး နှင့် ငွေစက္ကူ၊ ရွှေထည်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပိုင်ရှင်ရှိ အချို့သော ပစ္စည်းများကို မူရင်းပိုင်ရှင်များထဲ ပြန်လည်အပ်နှံလိုက်ကြောင်း ပြည်နယ်အစိုးရက ပြောသည်။
တောင်ပြိုကျမှုတွင် စက်ယန္တယားအလုံအလောက်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ရေးအဖွဲ့များနှင့် သက် ဆိုင်ရာတာဝန်ရှိသူများ အင်အား ၅၀၀ ခန့်ဖြင့် ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရသည်။
သြဂုတ်လပထမအပတ်အတွင်း မိုးသည်းစွာရွာသွန်းခဲ့သည့်အတွက် ရေးမြို့နယ် မန်ကျည်းကျေးရွာတွင်လည်း မြေပြိုကျမှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည့်အပြင် ချောင်းဆုံနှင့် ပေါင်မြို့နယ်ရှိ အချို့သောနေရာများတွင်လည်း တောင်ပြိုခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့ကာ လူနေအိမ်အဆောက်အဦးအချို့ ပျက်စီးမှုရှိခဲ့သည်။