နမ့်ခမ်းအနီး ပစ်ခတ်ပေါက်ကွဲသံများကြား၊ ရာဂဏန်းရှိ ဒုက္ခသည်များ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။
တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်ဒေသ၊ နမ့်ခမ်းမြို့အနီးတဝိုက် သေနတ်သံများ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုများ ရှိနေပြီး စစ်ဘေးရှောင် ၁၈၀ ကျော် နမ့်ခမ်းမြို့သို့ ရောက်ရှိနေပြီဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
သြဂုတ်လ ၂၂ ရက်နေ့ (ယနေ့)တွင် နမ့်ခမ်းမြို့ နယ် ကောင်းဝိုင်းကျေးရွာ၊ အွယ်လောကျေးရွာနှင့် စယ်ဟိုင်းကျေးရွာတို့ဘက်မှ လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည်ဟု နမ့်ခမ်းဒေသခံများက ပြောသည်။
နမ့်ခမ်းဒေသခံတစ်ဦးက “ဒီနမ့်ခမ်းရဲ့ အရှေ့ဘက် ကောင်းဝိုင်းရွာပေါ့၊ ထိတွေ့မှုပေါ့ ဖြစ်တာပါ။ မနက် ၁၀ နာရီ ကျော်ကျော်က အသံတွေထွက်လာတော့ ကလေးမိဘတွေလည်း ကလေးတွေကို ပြန်ခေါ်ကြပေါ့။ အသံတွေ ကြားတော့ အကုန်လုံးကြောက်ပြီး ပြန်ခေါ်ကြတာပေါ့။ ဆရာ/ဆရာမတွေတော့ ကျောင်းမှာရှိကြပါတယ်။ ကျောင်းပိတ်တာရယ်လို့တော့ မဟုတ်ပါဘူး။ ၁၀ နာရီကျော်ကျော်လောက်နေစဖြစ်တာပါ” ဟု ပြောသည်။
နမ့်ခမ်း ပန်လုံစစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးကလည်း “ကျနော်တို့နဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် အသံတွေကြားနေရတယ်။ ၁၀ နာရီကျော်ကျောက်ကနေ ၁၂ နာရီမထိုးခင်လောက်အထိပေါ့။ သေနတ်သံ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ပဲ ပစ်နေကြတာ။ နည်းနည်းကြာတယ်လို့ပြောလို့ရတယ်။ ဒီတလော ဗမာစစ်တပ်က စစ်သားတွေလည်း အများကြီးပဲ သွားလာနေကြတာ။ ကျနော်တို့က ဒုက္ခသည်ဆိုတော့ ဒီလိုတိုက်ပွဲ ဖြစ်လာတော့ ကုန်ဈေး နှုန်းတွေအရမ်းတက်လာမှာပဲ ကြောက်တယ်။ ဒီ ကွတ်ခိုင်၊ လားရှိုးမှာဖြစ်တာတောင် ဒီမှာက ကုန်ဈေးနှုန်းကလှုပ်နေတယ်လေ။ ဆိုတော့ တိုက်ပွဲဖြစ်လာရင် ကုန်ဈေးနှုန်းတက်မှာလည်းကြောက်တယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကောင်းဝိုင်းကျေးရွာမှ ဒေသခံ ၁၈၀ ခန့်လည်း နမ့်ခမ်းမြို့ပေါ်ရှိ ကောင်းသပ်ရပ်ကွက်သို့ ရောက်ရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူ နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
“အခုရွာထဲက စစ်ဘေးရှာင်တွေလည်း ဒီဘက်ကိုရောက်နေပြီ။ ကောင်းဝိုင်းရွာက ဒေသခံတွေပါ။ ဒီ နမ့်ခမ်း ကောင်းသပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကအစ လူငယ်တွေအားလုံးပေါင်းပြီး စားဖို့သောက်ဖို့ စီစဉ်ပေးနေပါတယ်။ ရောက်လာတဲ့လူတွေအတွက် ချက်ပြုတ်နေကြပါတယ်။ သူတို့ကိုကျွေးဖို့ပေါ့။ အခုက နီးစပ်ရာဆွေမျိုးတွေနဲ့၊ ဆွေမျိုးမရှိတဲ့ လူတွေကိုတော့ ကောင်းသပ်ဇရပ်မှာ စီစဉ်ပေးထားတယ်” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူ နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း ကောင်းဝိုင်းကျေးရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်ဟု ဒေသခံများက ပြောပြကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။
စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ဒေသတွင်း စစ်ရှောင်ပြည်သူများ ထပ်မံတိုးလာနို်င်သည်ဟု အကူအညီပေးနေသူများက ပြောသည်။
နမ့်ခမ်းတွင် ယနေ့ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ တအန်း(ပလောင်) PSLF/TNLA ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
တိုက်ပွဲများကြောင့် ယမန့်နေ့ နောက်ဆုံးစာရင်းအရ ကွတ်ခိုင်မြို့တွင်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော် ရောက် ရှိနေပြီး ဒေသတွင်းက ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျှက်ရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA-ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်တပ် တော်(ULA/AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ နှင့် တပ်မတော်အကြား စစ်ရေးတင်းမာ လျှက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။