တရုတ်နယ်စပ်တွင် ကုန်ကားများ၊ ကားသမားများနှင့် ကုန်သည်များ ရာချီပိတ်မိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကား အစီး ၃၀၀ ကျော် ပိတ်မိနေပြီး ကုန်သည်များနှင့် ကားသမားများမှာ အခက်အခဲများနှင့် ကြုံနေကြရသည်ဟု ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့မှ ယနေ့အချိန်ထိ ၁၂ ဘီး ကုန်တင်ကားကြီးများနှင့် တွဲကား ကုန်တင်ကားကြီးများ ပိတ်မိနေခြင်းဖြစ်သည်ဟု ကားသမားများက ပြောသည်။

ယာဉ်မောင်း(ကားဆရာ) စိုင်းလောဝ်ခမ်းက “ကျနော်ကတော့ လျှပ်စစ်ပစ္စည်း၊ ကုန်စုံပေါ့ဗျာ။ ဒီမှာက ၅ ရက်၊ တပတ်၊ ၁၀ ရက် ပိတ်မိနေတဲ့လူတွေလည်း ရှိတယ်။ အခက်အခဲက တစ်ရက်ပြီးတစ်ရက် စားဖို့သောက်ဖို့ပေါ့ နော် စရိတ်ကတော့ လူတစ်ယောက်စာတောင် တစ်ရက်ကို အနည်းဆုံး ၇၀၀၀၊ ၈၀၀၀ ရှိတယ်။ နောက်ပြီး တချို့ဆိုရင် လူနှစ်ယောက်ပါတယ်။ ဆိုတောတစ်သောင်းကျော်ပေါ့။ ဒီဝင်းကြီးထဲမှာ ကားက အစီး ၃၀၀ ကျော် လောက်ရှိတယ်။ ၁၂ ဘီးကားနဲ့ တွဲကားတွေများပါတယ်” ဟု ပြောသည်။

ပိတ်မိနေသည့် ကုန်တင်ကြီးများမှာ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းများ၊ စက်ဘီးနှင့် စားသောက်ကုန်များ၊ ပဲကားများ၊ သစ်သီးကားများနှင့် အာလူးကားများ ပါဝင်သည်ဟု ကုန်သည်များက ပြောသည်။

“ကုန်စိမ်းကားတွေကပိုပြီးမှ အခက်အခဲရှိတာပေါ့။ အာလူးကားတို့၊ ပန်းသီးကားတို့၊ စပျစ်သီးကားတို့ပေါ့။ အခုဆိုရင် စပျစ်သီးဆိုရင် ကွင်းထဲမှာ တစ်ခြင်းကို နှစ်ထောင်နဲ့ အဲ့လိုတွေချပြီးရောင်းနေကြတယ်။ အဲ့လိုတွေဖြစ်ကုန်ပြီး၊ မန္တလေးတို့ ရန်ကုန်တို့ကို အဲ့စပျစ်သီးတွေ၊ ပန်းသီးတွေ၊ တယ်သီးတွေ တင်ကြတာလေ။ အသီးကတော့ အစုံပါပဲ။ စပျစ်သီးကတော့ ထားလို့မရတော့ အကုန်လုံး လောလောဆယ် ထုတ်ရောင်းနေကြတာ” ဟု စိုင်းလောဝ်ခမ်းက ဆက်ပြောသည်။

အာလူးကားများလည်း ပုပ်ကုန်သည့်အပြင် အခြားသစ်သီးကားများလည်း ပျက်ဆီးကုန်သည့်အတွက် ကုန်သည်များ အရှုံးပေါ်နေကြရသည်ဟု ကုန်သည်များက ပြောသည်။

ကုန်ကားတစ်စီးလျှင် ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူ(နောက်လိုက်) စသဖြင့် အနည်းဆုံး နှစ်ဦးပါသည်။ ကုန်ကား ၃၀၀ ကျော် ပိတ်မိနေသည့်အတွက် ယာဉ်မောင်းနှင့် နောက်လိုက် လူဦးရေ ၆၀၀ ကျော် ပိတ်မိနေသည်ဟု ပြောသည်။

ယာဉ်မောင်း(ကားဆရာ) ကိုထက်ကျော်ကလည်း “ကျနော်တို့က ကုန်စုံတင်တာပါ။ လောလောဆယ် ပိုက်ဆံ ကုန်တယ်။ ရက်ကကြာတော့ အခုက ထမင်းတောင် သူများပေးတာ လာကျွေးတာစားနေရတာပေါ့ဗျာ။ လမ်းက အခက်အခဲ ဖြစ်နေသေးတော့။ ဒီထဲမှာပဲ နေနေရတာ။ မနေ့ကထွက်တဲ့ကားတွေလည်း လမ်းမှာတင်ပဲ ပိတ်နေ ကြတယ်။ ဆက်လည်းထွက်သွားလို့မရဘူး။ နမ့်ဖက်ကာကြားက နမ့်ခိုက်တံတား အဲ့မှာ ပိတ်မိနေကြတယ်။ တချို့ကားတွေ ကလည်း ပြန်လှည့်လာကြတယ်” ဟု ပြောသည်။

“အမြန်ဆုံးတော့ ပြန်ပွင့်စေချင်တယ်။ လမ်းမှာဆိုရင်လည်း အခြေအနေကမကောင်းတော့ ဟိုကြောက်ရ ဒီကြောက်ရပေါ့။ ဒီထဲမှာတော့ ကြောက်စရာတော့မလိုဘူး။ နည်းနည်းတော့ စိတ်အေးရတာပေါ့။ ကျနော်တို့ကတော့ လမ်းပဲမြန်မြန်ပွင့်စေချင်တယ်။ နိုင်ငံရေးတွေလည်း မသိဘူးလေ မိသားစုအတွက်ပဲ ရုန်းကန်နေရတာ။”

၁၀၅ မိုင် ကုန်သွယ်ရေးဇုံအတွင်း ပိတ်မိနေသည့် ကားများအပြင် မူဆယ်နှင့် ၁၀၅ မိုင်ရှိ ဓါတ်ဆီဆိုင်ကြီးများထဲ တွင် နားထားရသည့် ကားများ ရှိသေးသည်ဟု ကားဆရာများက ပြောသည်။ ထို့အပြင် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းဘေးဝဲယာတွင်လည်း ပိတ်မိနေသည့်ကားများ ရာချီရှိသည်ဟု ပြောသည်။

ကုန်သည် ဒေါ်မိမိကြိုင် က “အခက်အခဲကတော့ ပိုက်ဆံတွေလည်း ကုန်၊ စရိတ်တွေလည်းထောင်းပေါ့။ သားသမီးတွေလည်း နောက်မှာကျန်ခဲ့တယ်လေ။ ပြန်တွေ့ချင်တယ်။ ကျမတို့ကတော့ စက်ဘီးတွေတင်ထားတာ၊ မန္တလေးကိုသွားမှာ။ ပုံမှန်က တစ်လကို လေးကြိမ်လောက်သွားတာ ဒီလမ်းမှာ။ ဒီလက တစ်ခေါက်ထဲပဲရှိတယ်။ အဲ့ဒါ အခုလိုဖြစ်သွားတော့ လမ်းဖွင့်စေချင်တာပေါ့၊ ကုန်သည်တွေရော ကားသမားတွေရောကပေါ့” ဟု ပြော သည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပိတ်မိနေသည့် ကားသမားများနှင့် ကုန်သည်များအား မူဆယ်မြို့ရှိ ကုန်သည်များ၊ ကုမ္ဗဏီများက နေ့စဉ်ထမင်းထုပ်များ လာရောက်ဝေပေးနေသည်ဟုလည်း ပြောသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်-DSTA ကျောင်းနှင့် တပ်မတော် တပ်ခန်းများကို မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွ့ဲက သြဂုတ်လ ၁၅ ရက်နေ့က ဝင်ရောက်ခဲ့ပြီးနောက် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက် တပ်မတော်နှင့် ၎င်း ၃ ဖွ့ဲ အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး ယခုကဲ့သို့ ကုန်ကားကြီးများ ရှေ့ဆက်သွားမရပဲ ပိတ်နေခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ ကြားတွင် သြဂုတ်လ ၂၆ ရက်နေ့ (ယနေ့) အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အများပြည်သူများ ခရီးသွားလာမှုများလည်း ပြတ်တောက်လျှက်ရှိသည်။

ရှမ်းမြောက်ဒေသအတွင်းက အဆိုပါတိုက်ပွဲများကြောင့် လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့တို့တွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ နီးပါး ခန့် ရောက်ရှိနေပြီး တိုက်ပွဲများအတွင်း ပိတ်မိပြည်သူများလည်း ရှိနေသေးသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ များက ပြောသည်။