အစိုးရ၊ တပ်မတာ်တို့နှင့် တရားဝင်ဆွေးနွေးပွဲများ စတင်နိုင်ရန် အပစ်ရပ်အဖွဲ့များ မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။

အစိုးရ၊ တပ်မတော်တို့နှင့် ရှေ့ဆက်နွေးဆွေးရန်အတွက် အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်နိုင်တော့မည်ဟု အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ယာယီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောလိုက်သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့မှု ကျော်လွှားရေး ညှိနှိုင်းဆွေးနွေးဖို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေး နည်းလမ်း ၄ ရပ်ကို ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့လို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးကို မကြာမှီ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု PPST ယာယီ ဥက္ကဋ္ဌလည်းဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဋ္ဌလည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး ယွတ်စစ်က ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၅ ရက်ကြာ ကျင်းပပြုလုပ်သည့် PPST အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်အဖွဲ့များမှတစ်ဆင့် တရားဝင်ဆွေးနွေးပွဲများကို ပြန်လည် စတင်နိုင်ရန် မျှော်လင့်သည်ဟု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ဆက်ပြောသည်။

“အဲဒီညှိနှိုင်း ဆွေးနွေးပွဲများကနေတစ်ဆင့် တရားဝင်ဆွေးနွေးပွဲများနဲ့ ၂၁ ရာစုပင်လုံတို့ကို ကျင်းပနိုင်ရေး လမ်းပွင့်သွားမယ်လို့ မျှော်လင့်ပါတယ်။”

PPST က ဖွ့ဲစည်းလိုက်သည့် အလုပ်အဖွဲ့ ၂ ဖွဲ့မှာ လက်ရှိတစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျော်လွှားနိုင်ရန် ဆွေးနွေးမည့် အလုပ်အဖွဲ့နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် ဆွေးနွေးမည့် အလုပ်အဖွဲ့တို့ ဖြစ်သည်။

“တစ်ဖက်က အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တစ်ဖက်က ကျနော်တို့ တပ်မတော်တို့နဲ့ တွေ့နိုင်ဖို့ အတွက် ကျနော်တို့ဖက်က စုဖွဲ့အလုပ်အဖွဲ့တစ်ခုဖွဲ့လိုက်ပါတယ်။ အဲဒီအဖွဲ့ကို ဗိုလ်မှူးကြီး စိုင်းငင်းက ဦးဆောင်ပြီးတော့ အားလုံး ၁၀ ဦးရှိပါတယ်။ မကြာခင် ကျနော်တို့ တွေ့ဖို့ရှိပါတယ်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ကရင် အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပိုမိုခိုင်မာအောင် ဆွေးနွေးမည့် အလုပ်အဖွဲ့ကို ကရင်အမျိုးသား အစည်းအရုံး KNU မှ ဦးဆောင်မည်ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

“နောက်ထပ်အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ အပိုင်းကိုလည်း ဖြေရှင်းသွားနိုင်ဖို့ နောက်ထပ်အလုပ်တစ်ဖွဲ့လည်း ဖွဲ့စည်းထားတာရှိပါတယ်။ အဲဒီအဖွဲ့အစည်းကိုတော့ ကျနော်တို့ ဒီအထူးသဖြင့် ပစ်ခတ်ရပ်စဲရေး ခိုင်မာမှုအတွက်ဆိုရင် JMC ကပါတဲ့ ခေါင်းဆောင်တွေနဲ့ တပ်ဖက်က ခေါင်းဆောင်တစ်ချို့ပါဝင်ပြီးတော့ အဲလိုကျနော်တို့ စုပြီးတော့ ၁၀ ဖွဲ့ရဲ့ ကိုယ်စားနဲ့ ဖွဲ့စည်းထားတာ ရှိပါတယ်။ အဲဒီအဖွဲ့ကို ပဒိုစောဆဲဂေးက ဦးဆောင်မှာ ဖြစ်ပါတယ်။”

အစည်းအဝေးအပြီး PPST ၏ ထုတ်ပြန်ချက်ထဲတွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် NCA-S EAO ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နှင့် အပစ်အခတ်ခိုင်မာမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဟူ၍ အလုပ်အဖွဲ့ ၂ ဖွ့ဲကို ယခု PPST အစည်းအဝေးမှ ဖွဲ့စည်းခဲ့ပါသည်ဟု ပါရှိသည်။

အပစ်ရပ် အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အခြေခံပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ NCA တွင် အခြေခံအားဖြင့် အပိုင်း ၂ ပိုင်းရှိပြီး ပထမပိုင်းတွင် အပစ်အခတ် ရပ်စဲရေးနှင့်ဆိုင်သည့် အပိုင်းဖြစ်ပြီး ဒုတိယပိုင်းတွင် ဖက်ဒရယ် ပြည် ထောင်စုနိုင်ငံထူထောင်ရေးနှင့်ဆိုင်သည့် အပိုင်းဖြစ်သည်ဟု PPST က ပြောသည်။

၎င်းအပိုင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးသွားရန် အလုပ်အဖွဲ့များကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယခုအစည်းအဝေးတွင် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဆက်လက်တည်ရှိရန် ဆုံးဖြတ်ခဲ့ကြသည်။

PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်က “မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ် အစည်း အရုံး LDU တို့ဟာ ဒီအစည်းအဝေးမှာ PPST ရဲ့ တင်းပြည့်အဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်လာတဲ့အတွက် ကျနော်တို့ရဲ့ စုဖွဲ့မှုနဲ့ စုစည်းအားကို အားသစ်လောင်းပေးခဲ့လို့ သက်ဆိုင်ရာ အဖွဲ့အစည်တွေရဲ့ ခေါင်းဆောင်တွေကို ကျေးဇူးဥပကာ တင်ရှိပါတယ်” ဟု ပြောသည်။

PPST ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ဖြင့်သာ ဖွဲ့စည်းခဲ့ကြပြီး NLD အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူးဒီမို ကရက်တစ် အစည်းအရုံး LDU တို့မှာ PPST အဖွဲ့ဝင် အဖွဲ့အစည်း မဟုတ်သော်လည်း PPST က ကျင်းပပြုလုပ်သည့် အစည်းအဝေးများကို လေ့လာသူများအဖြင့် တက်ရောက်ခဲ့ကြသည်။

ယခုကျင်းပသည့် PPST ၏ အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်း အရုံး LDU တို့ကို PPST ၏ အဖွဲ့ဝင် အဖွဲ့အစည်းများအဖြင့် လက်ခံအတည်ပြုလိုက်သည်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့လုံး PPST အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်လာသည်။

သြဂုတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သည့် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို PPST ခေါင်းဆောင်များ၊ NCA အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ၊ နည်းပညာအထောက် အကူပြုများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၇၂ ဦးတက်ရောက်ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြု တပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်ကြသည်။