NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်မှုဆိုင်ရာ မူဘောင်တစ်ရပ်ကို အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှ အတည်ပြု ချမှတ်ခဲ့သည်။
သြဂုတ်လ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးမှ အတည်ပြုချမှတ်ခဲ့ကြခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “ဒီ PPST ကနေပြီးတော့ ဒီ ကျနော်တို့ အဖွဲ့ဝင် ၁၀ ဖွဲ့ကနေ အခြေခံပြီးတော့ အားလုံး စုစုစည်းစည်းနဲ့ ကျနော်တု့ိ ဘုံရည်မှန်းချက် ဘုံဦးတည်ချက်ကို အခြေခံပြီးတော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်တဲ့ နေရာမှာ ဒီလိုမျိုး အဆင့် ၃ ဆင့် နဲ့ သွားသင့်တယ်ဆိုတဲ့ အခြေခံ တစ်ခုပေါ့နော်။ အဲတော့ ပစ်ခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်တစ်ဆင့်လည်းပါတာ အားလုံး ၄ ဆင့်ပေါ့ ဆိုတော့ အဲဒီ အခြေခံက ကျနော်တို့ဖက်က ပြင်ဆင်မှုအနေအထား” ဟုပြောသည်။
၎င်းမူဘောင်အား အစိုးရနှင့် ဆွေးနွေးအတည်ပြုရယူသွားမည် ဟု PPST က ပြောသည်။
“အစိုးရဖက်ကတော့ သူတို့ဖက်က ပြင်ဆင်ထားတဲ့ အပိုင်းတော့ ရှိမှာပေါ့နော်။ အဲဒါကို သူတို့ဖက် ဆွေးနွေးမှုအပိုင်းမှာတော့ ကျနော်တို့က အပြန်ပြန်အလှန်လှန် သူ့ပရိုဖိုဇယ် (သူ့အဆိုပြုချက်) ကိုယ့်ပရိုပိုဇယ် (ကိုယ့်အဆိုပြုချက်) ရှိကြတာပေါ့ အဲဒီအခြေခံပေါ်မှာ ဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။
၅ ရက်ကြာ ကျင်းပပြုလုပ်သည့် PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများကို ကျော်လွှားဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်တစ်ရပ်ကို စနစ်တကျရေးဆွဲ ချမှတ်ပြီး အစိုးရ နှင့် ဆွေးနွေးသဘောတူညီမှုရယူရန် အတည်ပြုချမှတ်နိုင်ခဲ့ကြသည်ဟု ပါရှိသည်။
တစ်ဖက်တွင်လည်း ပြီးခဲ့သည့် ဇူလလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အလွတ်သဘော အစည်းအဝေးတွင် အစိုးရဖက်မှ အချက် ၄ ချက်ပါ သော the way forward for peace process (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မယ့် လမ်းကြောင်းများ) ဆိုသည့် အဆိုပြုချက်များကို အဆိုပြုတင်ပြလာခဲ့သည်ဟု အပစ်ရပ်ခေါင်းဆောင်များက ပြောသည်။
“အခုဟာက အစိုးရဖက်က အဆိုပြုထားတဲ့ အဆိုပြုချက်ကတော့ သူကအစိုးရကနေ ဒါကအသစ်ထွင်ပြီးတော့ အဆိုပြုတာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ပြောထားတဲ့ အဆိုပြုချက်တွေပေါ့လေ ဥပမာ ကျနော်တို့ KNU တို့ကလည်းသွားပြီးတော့ ပြောခဲ့တာရှိတယ် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောခဲ့တာတွေရှိတယ်။ အဲပြောခဲ့တဲ့ ဖြစ်ချင်တဲ့ဟာတွေကို သူတို့ဖက်ကလည်း သူတို့ပြန်ပြီးတော့ အစီအစဉ်တကျ ပြန်ဆွဲပြီးတော့ ပြန်ပြီး အဆိုပြုတာ ဖြစ်ပါတယ်” ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သြဂုတ်လ ၁၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သတင်းထောက်များကို ပြောဆိုထားသည်။
အစိုးရဖက်မှ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကို တော်လှန်ရေး အဖွဲ့အစည်းများထံ အဆိုပြုတင် ပြဆွေးနွေးလာသည့် အကြောင်းအရာများမှာ NCA အကောင်အထည်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူရေးဆွဲရေး ကိစ္စရပ်များနှင့် NCA ထိုးပြီး နောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်သည်။
ထိုအချက် ၄ ချက်ကို အပစ်ရပ်အဖွဲ့များ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် ရည်ရွယ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြိုတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့တို့ တွေ့ဆုံခဲ့ကြရာ ၎င်းအချက် ၄ ချက်ကို ထည့်သွင်းဆွေေးနွးခဲ့ကြသည်။
ယခုကျင်းပပြုလုပ်သည့် PPST အစည်းအဝေးတွင် အစိုးရမှ အဆိုပြုတင်ပြထားသည့် အချက် ၄ ချက်ကို ဆွေးနွေးခဲ့ကြပြီး ၎င်းဆွေးနွေးမှုနဲ့ ပတ်သက်၍ ပဒိုစောတာဒိုမူးက ယခုလို ပြောသည်။
“ကျနော်တို့ အဲဒီအဆိုပြုချက်တွေနဲ့ ပတ်သက်လု့ိ ကျနော်တို့ဖက်ကလည်း ပရိုပိုဇယ် (အဆိုပြုချက်) တွေ ရှိတယ်လေ ဆိုတော့ ကျနော်တို့ ပရိုပိုဇယ်ကတော့ ၂၀၂၀ မတိုင်ခင်ဘာရသင့်သလဲ ၂၀၂၀ အလွန်မှာ ကျနော်တို့ ဘယ်လိုဆက်သွား သင့်သလဲ ဘယ်လိုဒီအခြေခံတွေပေါ်မှာ သဘောတူညီမှုကို ဘယ်လိုရယူကြမလဲဆိုတဲ့ ဆိုတဲ့အပိုင်းတွေကတော့ ကျနော်တို့ရဲ့ အဆိုပြုလွှာထဲမှာ ပါမှာပေါ့နော။ အဲဒါကိုကျနော်တို့ သွားဆွေးနွေးကြမှာပေါ့။”
၅ ရက်ကြာ ကျင်းပပြုလုပ်သည့် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို PPST ခေါင်းဆောင်များ၊ NCA အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ၊ နည်းပညာအထောက်အကူပြုများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၇၂ ဦးတက်ရောက်ခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။