မော်လမြိုင် လေပြင်းတိုက် အဆောက်အဦ ရာနှင့်ချီ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၄ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုခန့်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင် ကျောင်း အပါအဝင် အဆောက်အဦး ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု မော်လမြိုင်မြို့နယ် အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက “နေအိမ်တွေ ထိခိုက်တဲ့ရပ်ကွက်ကတော့ ၇ ရပ်ကွက်ရှိပါတယ်၊ လောလောဆယ် စာရင်းကောက်ယူပြီးစီး တဲ့ရပ်ကွက် ၂ ခုမှာ အိမ်ခြေ ၂၁၀ ကျော်လောက်ရှိတယ်၊ လုံးဝပျက်စီးသွားတဲ့အိမ်ခြေတွေရှိသလို အမိုးလန်တာတွေလည်းရှိတယ် စာသင်ကျောင်းကတော့ ၆ ကျောင်းပါတယ်” ဟု ပြောသည်။

စက်တင်ဘာလလ ၂ ရက်နေ့ ည ၁၀ နာရီကျော်အချိန်ခန့်က တိုက်ခတ်သွားသည့် လေပြင်းကြောင့် မော်လမြိုင် မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် ဖက်တန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက် ကျိုက်ဖနဲရပ်ကွက်၊ ရွှေမြိုင်သိရိရပ် ကွက်၊ ဇေယျာသိရိရပ်ကွက်၊ လှိုင်ရပ်ကွက်နှင့် ညောင်ပင်ဆိပ်တို့ရှိ လူနေအိမ် စာသင်ကျောင်း အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ နေအိမ်ပေါ် သစ်ပင်လဲကျခြင်း၊ ကားလမ်းပေါ် သစ်ပင်လဲကျခြင်း ဓာတ်တိုင်လဲကျခြင်းများ ဖြစ်ပွားခဲ့ သည်။

NMG 3

ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပညာသင်ကြားရေး ရပ်တန့်မှုမဖြစ်အောင် ပြုပြင်မှု ချက်ချင်း ဆောင်ရွက်နေကြောင်း ထိုအတူ လေဘေးသင့်အိမ်ထောင်စုများအတွက်လည်း ချက်ချင်း ထောက်ပံ့မှုပေး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

လေပြင်းတိုက်ခတ်သွားသည့် ရပ်ကွက် ၇ ခုအနက်မှ ကျိုက်ဖနဲရပ်ကွက်နှင့် ရွှေမြိုင်သိရိကရပ်ကွက်တွင် ပျက်စီးဆုံးရှုံးမှုများပြီး ရွှေမြိုင်သိရိရပ်ကွက်မှာဆိုလျှင် အိမ်ခြေ ၁၈၃ လုံး ထိခိုက်ပျက်စီးပြီး ၂ လုံး ပြိုကျစီးသွားသည်ဟု ရွှေမြိုင်သိရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက ပြောသည်။

“ဒီမနက် (စက်တင်ဘာ ၃ ရက်) ဝန်ကြီးချုပ် လာသွားတယ် လေဘေးသင့်တဲ့လူတွေကို ကူညီထောက် ပံ့မှုပေးမယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြောသည်။

NMG 1

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း ဒေသခံနှင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတို့ထံမှ သိရသည်။

“ကျွန်တော့်အိမ်ကတော့ အမိုးလန်သွားတယ်၊ ထိသွားတဲ့အိမ်တွေက အများကြီးပဲ အရေအတွက်တော့ မသိဘူး များတော့ များတယ်၊ ဖြစ်တာက ညတုန်းကပေါ့ လေက အသံတဝုန်းဝုန်းနဲ့ တိုက်လာတယ်၊ အသံလည်း အကျယ်ကြီးပဲ ကြောက်စရာကြီး” ရွှေမြိုင်သိရိရပ်ကွက်မှ ဦးတင်စိုးက ပြောသည်။

လေပြင်းတိုက်ခတ်သွားပြီး ပျက်စီးမှုဖြစ်သွားသည့်နေရာတွင် မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့္ဂ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်များတို့က ရှင်းလင်းလျက်ရှိသည်။

NMG 2

သြဂုတ်လပထမအပတ်ခန့်ကလည်း မော်လမြိုင်မြို့အပါဝင် သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံနှင့် ရေးမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦး ၃၀၀ ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူသေဆုံးမှုလည်းရှိခဲ့သည်။