ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် ကား ၇ စီး မီးလောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

ကွတ်ခိုင်နှင့် မူဆယ်အကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညဦးပိုင်းက ကား ၇ စီး မီးလောင် ပျက်စီးခဲ့သည်ဟု ပရဟိတအဖွဲ့များနှင့် အရပ်သားများက ပြောသည်။

ယနေ့ (စက်တင်ဘာ ၄ရက်) နံနက်တွင် မီးလောင်သည့်နေရာသို့ ပရဟိတအဖွဲ့များက ကားသမားများနှင့် ခရီးသွားများကို သွားရောက်ခေါ်ဆောင်စဉ် အဆိုပါ နေရာ၌ ကား ၇ စီး မီးလောင် ပျက်ဆီးနေသည်ကို တွေ့ခဲ့ရသည်ဟု နယ်စည်းမခြား ပရဟိတ(သီပေါ)မှ ကိုမျိုးက ပြောသည်။

“မနေ့က သူတို့ ညပိုင်း ၆ နာရီလောက်မှာဖြစ်တယ်။ ၆ နာရီကျော်လောက်ပေါ့နော။ ကျနော်တို့ ဒီမနက် ၆ ကျော် လောက်မှာ ကျနော်တို့ သူတို့ကို သွားပြီးတော့ ကားသမားတွေနှင့် ခရီးသည် အ ချို့ပေါ့နော အဲဒါတွေကို ကျနော် တို့ ဒီကွတ်ခိုင်မြို့ကို ပြန်ခေါ်ထုတ်လာခဲ့ပါတယ်။ မီးလောင်နေတာ ကား ၇ စီးတွေ့ပါတယ်။ ကားကြီးကတော့ ၄ စီးပေါ့။ ခရီးသည်ကားတစ်စီး ကျနော်တို့ AD ဗန် တစ်စီး၊ နောက် ခွေးဘီ လူးကားတစ်စီး”

ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသွားနေသည့် ကားများကို မြောက်ပိုင်း မဟာမိတ် ပူးပေါင်း ၃ ဖွဲ့က မီးရှို့ခြင်းဖြစ်သည်ဟူသည့် စွပ်စွဲချက်အပေါ် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ က ငြင်းဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ကားမီးလောင်ကျွမ်းရသည့် ဖြစ် စဉ်နဲ့ ပတ်သက်၍ ယခုလိုပြောသည်။

“ကားမီးရှို့တာ မဟုတ်ဘူး ကားမီးလောင်တာ မနေ့က ၇ နာရီ ၅၀ ပေါ့နော ၈ နာရီ နီးပါး ဒီ နမ့်ကွတ်နားမှာ ကျ နော်တို့ အဖွဲ့က လမ်းမကနေ ဖြတ်ကူးတဲ့အချိန် တပ်ဖက်က ဟိုဖက်ကနေလာပြီးမှ တိုက်ခိုက်တယ် တိုက်ခိုက်တော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်တော့ နက်ဖက်လုံးက လက်နက်ကြီးတော်တော် သုံးကြ တယ်။ အဲဒါကြောင့်မို့ ဘယ်သူ့လက်နက်လဲဆိုတာကတော့ မသိဘူးပေါ့နော ဒီကြားမှာကတော့ ဘယ်သူ့ကျည်ဆံလည်းတော့မသိဘူး ကားထိပြီးမှ မီးလောင်သွားတာဖြစ်တယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့အဖွဲ့ ရှိနေတဲ့ နားမှာ တိုက်ပွဲ ဖြစ် နေတဲ့ အချိန် အထိကတော့ ၂ စီးလောင်သွားတယ်။ နောက်ပိုင်းက တော့ ဘယ်လောက်အ ထိ လောင်လဲ ကျနော် တို့က မသိဘူး အသေးစိတ်တော့ မသိဘူး”

ကားသမားများနှင့် ခရီးသွားများ၏ ပြောဆိုမှုအပေါ် အခြေခံ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆို ခွင့်ရှိသူ မိုင်းမိုင်က အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရပ်သားများကို ကိုးကား၍ ယခုလို ပြောသည်။

“ကွတ်ခိုင်-မူဆယ်ပြည်ထောင်စု လမ်းမပေါ်မှာ နမ့်ကွတ်နဲ့ နောင်ဆွေကြား မှာပေါ့နော ကားတွေတန်းစီပြီးမှ လက်နက်ကိုင် အဖွဲ့တွေက မီးရှို့တယ်ဆိုပြီးမှ ပြောတယ်။” ဟုပြောသည်။ “ခပ်လှမ်းလှမ်းမှာတော့ သေနတ်သံကြားတယ်ဆိုတာကတော့ ကျမတို့ သိရတယ်။

လက်ရှိတွင် ကွတ်ခိုင်-မူဆယ်လမ်းပိုင်းရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကားကြီးကားငယ်များဖြင့် သွားလာမှုများရှိနေသော်လည်း ခရီးသွား ပြည်သူများအနေဖြင့် အခြေအနေ အရပ်ရပ်ကြည့် ပြီးမှသာ သွားလာကြရန် ဒေသခံများက ပြောသည်။

“လမ်းအခြေအနေကတော့ တပ်မတော်ကတော့ သူက နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ သူက ပြောနေတာ ပဲ ဒါပေမယ့်လည်း အခုလိုမျိုး ကားလည်း မီးရှို့ခံနေရတာပဲ အဲလိုဖြစ်နေတယ်ဆိုတော့ လုံခြုံရေးတော့ မရှိဘူူးပေါ့။ ဖြစ်နိုင်ရင်တော့ မလာသေးနဲ့ ဆိုတဲ့ဟာမျိုးပဲ ကျမတို့ကတော့ ဒေသခံ တစ်ယောက်အနေနဲ့ကတော့ အဲလိုပဲ ပြောချင်ပါတယ်။ သေရေးရှင်ရေး မဟုတ်ရင်ပေါ့နော ဘာလို့လဲဆိုရင် သေရေးရှင်ရေး ဖြစ်နေတဲ့ လူတွေတောင်မှ ထွက်လာဖို့အတွက် ထွက်ခွာဖို့အတွက် တော်တော်လေးခက်ခဲနေတဲ့ အနအထားမှာရှိတယ်။” ဟု HST-NSS မှ မိုင်းမိုင် ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်ကလည်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသည့် ကားများကို လက်နက်ကိုင် အဖွဲ့များက တားဆီးပြီး ကန့်လန့် အနေအထားတွင် ရပ်တန့်ခိုင်းကာ ကားဘီးများကို ပစ်ဖောက်သည့် ဖြစ်စဉ်များလည်း ရှိသည်ဟုသိရသည်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်၍ PSLF/TNLA မှ ပြောရေးဆိုခွင့် ရှိသူက ဖြစ်ပွားသည့် ဖြစ်စဉ်အား အသေးစိတ်မသိရှိ၍ ဖြေကြားရန် မရှိဟုသာ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။