မြောက်ပိုင်းမဟာမိတ်များ ထိုးစစ်ရပ်မည်ဟု ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ထိုးစစ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ထိုးစစ်တွေ ပြုလုပ်တော့မည် မဟုတ်ပဲ Bilateral Ceasefire Agreement မှတစ်ဆင့် လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်သွားသည့်အထိ သက်ဆိုင်သူများနှင့် အမှန်တကယ်ဖော်ဆောင်သွားမည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “မိမိတို့ဖက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မဖော်ဆောင်ဘဲ မြန်မာစစ်တပ်၏ ထိုးစစ်တိုက်ခိုက်မှုများကို မိမိကိုယ်မိမိခုခံကာကွယ်သော စစ်ဖြင့် ဆက်လက်ခုခံကာကွယ်သွားပါမည်” ဟု ဖော်ပြထားသည်။

ထို့အပြင် “Bilateral Ceasefire Agreement မှတစ်ဆင့် မြန်မာပြည်၌ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးကို အဆုံးသတ် သွားသည့်အထိ သက်ဆိုင်သူများနှင့် အမှန်တကယ်ဖော် ဆောင်သွားမည် ဖြစ်သည်” ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

Bilateral Ceasefire Agreement လက်မှတ်မရေးထိုးခင် ပြင်ဆင်နေသော အချိန်ကာလအတွင်း၌ ၎င်းတို့ မဟာမိတ် ၃ ဖွဲ့ အနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသော စိတ်ရင်စေတနာ အမှန်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ပါသည်ဟု ထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အနေဖြင့် ပြည်တွင်းစစ်များ လျင်မြန်စွာရပ်စဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်း ချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုသော စိတ်ဆန္ဒအပြည့်ရှိသောကြောင့် မဟာမိတ် ညီနောင်တပ်ဖွဲ့များမှ မြန်မာစစ် တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မိမိကိုယ်မိမိ ခုခံကာ ကွယ်စစ်ဖြင့် အပြည့်အ၀ ခုခံတိုက်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့် တပ်တော် ULA/AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားနေသော်လည်း သြဂုတ်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံတွင် ပဏာမ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နောက်ထပ်တွေ့ဆုံမှုကိုလည်း စက်တင်ဘာလ ၁၆၊ ၁၇ တွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူထားကြပြီး တွေ့ဆုံမည့်နေရာကို ပြန်လည်ညှိနှိုင်းကြမည်ဟု ဆိုသည်။

အဆိုပါတွေ့ဆုံမှုနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်ကလည်း ရှမ်းပြည်မြောက်ပိုင်း အပါအဝင် စစ်တိုင်း (၅) ခုတွင် တဖက်သတ် အပစ်အခတ်ရပ်စဲမှုကို စက်တင်ဘာလ (၂၁) ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာထားသည်။