ကချင်လူငယ်ကို ထောင်ဒဏ် ၃ လ အပြစ်ထပ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။
မြစ်ကြီးနားမြို့နယ် တရားရုံးက ကချင်လူငယ် ကိုပေါလုကို တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၃ လ ကျခံရန် ထပ်မံ အမိန့်ချလိုက်သည်။
စက်တင်ဘာလ ၆ ရက်နေ့ ယနေ့တွင် ဒု-တရားသူကြီး ဒေါ်တင်နွယ်ဝင်းမှ ကိုပေါလုအား ပြည်သူ့ဝန်ထမ်း တရားစီရင်ရေး ဆောင်ရွက်နေစဉ် တမင်နှောက်ယှက် မထီမဲ့မြင့်ပြုမှု ရာဇသတ်ကြီး ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် ၃ လ ကျခံရန် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
ထောင်ဒဏ် ၃ လ ကျခံရန် တရားရုံးမှ ထပ်မံ အမိန့်ချလိုက်သည့်အပေါ် ကိုပေါလုက “မြန်မာနိုင်ငံရဲ့ တရားစီရင် ရေးမဏ္ဍိုင်ဟာ ယိုယွင်းပျက်ဆီး နေတယ်ဆိုတဲ့ဟာကို ပြည်သူများ သိရှိအောင် ပြီးရင် သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိအောင် ဒီလုပ်ရပ်ကို ကျနော်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီလုပ်ဆောင်တဲ့အပေါ်မှာ အပြစ်ရှိတယ်လို့ ကျနော်ဝန်ခံခဲ့တယ်။ သို့သော်လည်း ဒီကနေ့ ကျနော်ကို အပြစ်ရှိတယ်လို့ ဝန်ခံသော်ငြားလည်းပဲ ကျနော်ကို ထောင်ဒဏ် ၃ လ ပြန်ပြီးမှ ကျနော်ကို ချခဲ့တယ်” ဟုတရား စီရင်မှု အပြီး လာရောက်ဝန်းရံသူများအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံရသည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က မြို့နယ် တရားသူကြီးက ဒဏ်ငွေ ၃၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချ လိုက်သည့်အပေါ် ကိုပေါလုက တရားမျှတမှု မရှိဟုဆိုကာ ကြိုးပြတ်နေသည့် ချိန်ခွင်အား တရားသူကြီးအား ပေးအပ်ခဲ့သည်။
ထိုသို့လုပ်ဆောင်မှုကြောင့် မြို့နယ် တရားသူကြီး ဦးသန်းထွန်းက တရားခွင်အတွင်း ပြည်သူ့ဝန်ထမ်း တရားစီရင်ရေး ဆောင်ရွက်နေစဉ် တမင်နှောက်ယှက် မထီမဲ့မြင့်ပြုမှု ရာဇသတ်ကြီး ပုဒ်မ (၂၂၈) အရ ကိုပေါလုအား အရေးယူပေးရန် စက်တင်ဘာလ ၃ ရက်နေ့က တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။
၎င်းတို့အနေဖြင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာသည့်အထိ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး မတရားမှုအောက်တွင် မည်သည့်အခါမှ ဒူးထောက်အညံ့ခံသွားမည် မဟုတ်ဟု ကိုပေါလုက ပြောသည်။
“ကျနော်က အပြစ်ရှိတယ်လို့ ဝန်ခံတာက ကျနော်က နိုင်ငံရေးသမားဖြစ်လို့ ကျနော်တို့ တန်တာကိုလုပ်တယ်။ တန်မလား ဆိုပြီးတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဒီအလုပ်က လုံးဝမတရားဘူးဆိုတာကို ကမ္ဘာသိစေ မြန်မာသိစေ ကချင်ပြည်နယ် သိစေပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမှလည်း ကျနော်တို့က ဘယ်တော့မှ ဘယ်တော့မှ ဒူးထောက်ခေါင်းငုံ့မယ့်သူ မဟုတ်ဘူး ဆိုတဲ့ဟာကို ကျနော်ပြောချင်တယ်” ဟု ကိုပေါလုက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်လူမျိုးများခံစားနေရသည့် လက်ရှိဘဝအဖြစ်မှန်များကို စစ်ဘေးရှောင်လူငယ်များနှင့် လမ်းဘေးသရုပ်ပြမှု လုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သော ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား မြစ်ကြီးနားမြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချလိုက်သည်။
ထိုသို့ အမိန့်ချမှတ်လိုက်သည့်နောက် ကချင်လူငယ်ထုအနေဖြင့် ဆန္ဒထုတ်ဖော်ပွဲများကို လုပ်ဆောင်သွား မည်ဟုဆိုကာ စက်တင်ဘာလ ၅ ရက် ယမန်နေ့က စတင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့အပြင် စက်တင်ဘာလ ၆ ရက် ယနေ့နှင့် စက်တင်ဘာလ ၉ ရက်နေ့တို့တွင်လည်း ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် ကချင်လူငယ်ထုများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးရန်၊ စစ်ဘေးရှောင်များ၏ဘ၀ ဒုက္ခကို စာနာနားလည် ပေးရန်နှင့် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြည်သူများသာ မြေစာပင်ဖြစ်နေရသည့်အတွက် စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန် စသည့်အချက်များကို တောင်းဆိုဆန္ဒထုတ်ဖော်နေကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့ကြသည့် စစ်ဘေးရှောင်စခန်းမှ ကချင်လူငယ် အင်ခွန်လနူးနှင့် ဒေါ်မလန်ခါးမိုင်တို့ကို စက်တင်ဘာလ ၅ ရက်နေ့ ယမန်နေ့က စာသားအပိုကိုင်ဆောင်သည်ဟုဆိုကာ ငြိမ်းစုစီ ပုဒ်မ ၂၀ (စ) ဖြင့် မြစ်ကြီးမြို့နယ် ရဲမှူးမြင့်မိုးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်ဟု သိရသည်။