သိန္နီတိုက်ပွဲ အရပ်သာများ ထိခိုက်ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၇ ဦး လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သိန္နီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့ခံများက ပြောသည်။
အောက်တိုဘာလ ၉ ရက် ယနေ့နံနက် ၆ နာရီခွဲအချိန်က တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားရာမှ ကျည်စများ နေအိမ်အတွင်းသို့ ကျရောက်ခဲ့ သည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်သည်ဟု သိန္နီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။
“မြို့ထဲမှာ မြို့လယ်ခေါင်မှာ သိန္နီမြို့လယ်ခေါင်မှာပဲ ဈေးနားမှာ ရပ်ကွက် ၁ ပေါ့နော။ ပစ်ရင်းနဲ့ တစ်ခါ ကျည်စ တွေလား အဲဒီကျည်ကနေပြီးတော့ အိမ်ပေါ်တွေ ကျတယ် အိမ်ထဲမှာ ရှိနေတဲ့ မိသားစုတစ်ချို့ကိုပေါ့ ၇ ယောက် ပေါ့ အိမ်ကတော့ သုံးလေးအိမ်လောက် အပေါက်တွေ ဖြစ်သွားတယ် အဲဒီမှာ ကျည်စမှန်တော့စိုးရိမ် စရာ တော့ မရှိပါဘူး။ ခေါင်းတို့ ပေါင်တို့ အဲဒါတွေ ထိသွားတယ် အခု ဆေးရုံတင်ထားရတယ် ၇ ယောက်ပေါ့ အရပ်သား ၇ ယောက် သိန္နီပြည်သူ့ ဆေးရုံမှာပဲ”
ထိခိုက်ဒဏ်ရာရရှိသူများမှာ သိန္နီပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု ဆိုသည်။
ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သိန္နီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က တိုက်ပွဲဖြစ်ပွားလာပုံနဲ့ ပတ်သက်၍ ယခုလိုပြောသည်။
“မနက် ၆ နာရီခွဲက ဖြစ်တာ ကျနော်တို့က အိပ်ရာထ ပြီးတော့ သေနတ်သံတွေ ကြားရတော့ လန့်သွားတယ်။ အိမ်ကနေ ထနိုးလာတော့ အဲမှာ ပစ်တယ် အသံတွေ ကြားရတယ်။ အဲဒါနဲ့လည်း ကျနော်တို့ ချက်ချင်း မထွက် ရဲဘူးပေါ့။ နောက်တော့မှ ယာဉ်တန်းတွေ ဝင်လာတဲ့ဟာကို ဒီ TNLA ကနေပြီးတော့ ပစ်တာ ပစ်တဲ့ အခါကျ တော့ တပ်က ၂ ယောက် ကျသွားတယ် ကားပေါ်မှာတင်ပဲ နောက်ဒဏ်ရာရတာကတော့ ၃ ယောက်ပေါ့ တပ်ကနေ အဲလိုနဲ့ ပစ်ခတ်ကြတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။
သိန္နီမြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဇောတိက ကလည်း “၆ နာရီ ခွဲဝန်းကျင် လောက်မှာ ဖြစ်တယ်လေ ခြောက်နာရီခွဲလောက်မှာ ဖြစ်တယ်။ ဈေးအဝင်ဝနားမှာ စဖြစ်ပြီးတော့ အဲဒီမှာ ရဲဘော်ကားတွေ တက်လာတယ် အဲကနေ ပစ်တယ် လက်နက်ကြီးကတော့ ခြောက်လုံး ခုနှစ်လုံးလောက် ကျတာပေါ့ ဘယ်က ပစ်တာလဲမသိဘူး။ အိမ်တွေဘာတွေ ထိတယ်လို့ကြား တယ်။ ဘယ်အဖွဲ့လည်းဆိုတာ တိတိကျကျတော့ မသိရ သေးဘူး။ ဒီဖက်ကတော့ ကျနော်တို့ တပ်မတော်ကပဲလေ” ဟုပြောသည်။
လက်ရှိတွင် တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားမှု မရှိတော့ပဲ အခြေအနေမှာ ငြိမ်သက်နေသည်ဟု နေ့ခင်းပိုင်းက ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA နှင့် တပ်မတော်တို့ အောက်တိုဘာလ ၉ ရက်နေ့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များဖက်မှ ပြောဆိုနေ သော်လည်း တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုချက်ရယူရန် နှစ်ဖက်လက်နက်ကိုင် အဖွဲ့ အစည်းများမှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်၍ မရသေးပေ။
တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ကားသွားလာမှုများကို ယာယီပိတ်ထားခဲ့သော်လည်း လက်ရှိတွင် အခြေအနေ တည်ငြိမ်လာသည့်အတွက် ကားသွားလာမှုများကိုလည်း ပြန်လည်ဖွင့်ပေးလိုက်သည်ဟု သိန္နီပြည် သူ့လွှတ် တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။
“ကားတွေလည်း ပြန်လွတ်ပါပြီ ကားတွေ ပိတ်ထားတာကို အခုပြန်လွတ်နေတယ်။ မြို့ပေါ်မှာ ဖြစ်တယ်ဆိုတော့ ဒါတစ်ခါမှလည်း မဖြစ်ဖူးဘူးလေ အဲလိုတော့ မလုပ်သင့်ဘူးပေါ့လေ ဒါသက်ဆိုင် ရာ သူတို့ရဲ့ အဖွဲ့အစည်း တွေက ဒီမြို့ပေါ်တော့ မလုပ်သင့်ဘူး” ဟုပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း ကျန်ရှိနေသည့် ဗုံးသီးများ၊ လက်နက်ကြီးကျည်များကို တပ်မတော်မှ လိုက်လံ ရှင်းလင်းနေ သည်ဟု သိန္နီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
သို့သော် စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ် သည်ဟု ကြေငြာချက်ထုတ်ပြန်သည့် နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု လျှော့ ကျလာခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ကာလအတန်အကြာ ရပ်တန့်နေရာမှ အောက်တိုဘာလ ၉ ရက်နေ့ ယနေ့နံနက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
Unicode …
သိန်နီတိုကျပှဲ အရပျသာမြား ထိခိုကျဒဏျရာရ