မွန်ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများတွင် လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေး ရွေးချယ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွတ်ရေး ပါတီ ခေါင်းဆောင်များ က ပြောသည်။
မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒထားရှိသည်ဟု မွန်ညီညွတ်ရေး ပါတီ တွဲဖက် အတွင်းရေးမှူး(၂)နိုင်စံတင်က ပြောသည်။
“အမျိုးသမီးနဲ့ လူငယ် ဘယ်နှစ်ရာခိုင်နှုန်း ပါရမယ်ဆိုတာ သတ်မှတ်ထားတာ မရှိဘူး။ ကိုယ်စားလှယ်လောင်း လျှောက်တင်တဲ့အချိန်မှာ (အမျိုးသမီးနဲ့ လူငယ်) ဘယ်လောက်ထိ ပါလာနိုင်မလဲ အဲဒါကို ကြည့်ပြီးဆုံးဖြတ် ပေးရမယ်။ ကျနော်တို့ကတော့ ဖိတ်ခေါ်ထားတယ်”
ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို) ကို အဖွဲ့ဝင် ၁၆ ဦးတို့ဖြင့် ဇန္နဝါရီ လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်း ခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။
လက်ရှိအနေအထားအရ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအဆင့်တွင် အမျိုးသမီးပါဝင်မှု အရေအတွက် ၁၁ ရာခိုင်နှုန်းသာရှိသည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
အမျိုးသမီးအများစုမှ အိမ်မှုလုပ်ငန်းများတွင် ရုန်းကန် နေကြရသည့် အတွက် နိုင်ငံရေးကို စိတ်ဝင်စားမှုအားနည်းနေရသည်ဟုလည်း မွန်အမျိုးသမီး မိငွေလေး က ပြောသည်။
“မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသမီးပါဝင်ခွင့်ကို ကန့်သတ်ချက်မရှိ လမ်းဖွင့်ပေးထားတယ် ဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးများကိုယ်တိုင်က ပါဝင်လာနိုင်ခြင်းမရှိတဲ့ အနေအထားဖြစ်နေပါတယ်။ ဆိုလိုချင်တာက တချို့က အိမ်ထောင်ကျသွားတော့ အချိန်မပေးနိုင်ကြတော့ဘူး။ တချို့ကျတော့ အိမ်မှုကိစ္စ၊ စားဝတ်နေရေး အဲ့ဒါတွေကြောင့်ပါ။”
ထို့အပြင် လူငယ်ပါဝင်မှုအရေအတွက်သည်လည်း အလွန်အားနည်းနေသည့် အနေအထားတွင်သာ ရှိနေသေး သည်ဟု ပြောသည်။
နိုင်ငံရေး ကဏ္ဍတွင် လူငယ်ပါဝင်မှု အားနည်းနေရသည့် အခြေအနေနှင့် ပတ်သက်၍ မွန်လူငယ်အရေး လှုပ်ရှား နေသည့် မင်းအောင်က “ကျနော်ထင်တာကတော့ လူငယ် တွေ နိုင်ငံရေးစိတ်ဝင်စားမှု အားနည်းနေသေးလို့ထင်တယ်။ ဒါပေမယ့် တချို့လူငယ်တွေလည်း စိတ်ဝင်စားကြပါတယ်။ အဲ့လိုလူငယ်တွေကိုလည်း နိုင်ငံရေးနယ်ပယ်က လက်တွဲခေါ်သင့်ပါတယ်။ အရည်ချင်းရှိတဲ့ လူငယ် တွေကို နေရာပေးသင့်တယ်။ ဒါမှပဲ လူငယ်တွေ နိုင်ငံရေးထဲ များများဝင်ရောက်လာမယ်” ဟု ပြောသည်။
ပါတီတွင်း အမျိုးသမီးနှင့် လူငယ်အင်အား နည်းပါးနေသည့်အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန်လည်း ပါတီက ဖိတ်ခေါ်ထားသည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူး ပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြု ခဲ့သည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းထိ မွန်ညီညွတ်ရေးပါတီတွင် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည်ဟု ပါတီခေါင်း ဆောင်များက ဆိုသည်။