ရှမ်းမြောက် တိုက်ပွဲများ ဆက်ဖြစ်နေ၊ မိုင်းပေါက်ကွဲ၍ အရပ်သား ထိခိုက်မှုများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံတချို့လည်း မိုင်းနင်းမိခြင်းများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ်အတွင်း ဇန္နဝါရီလ ၂၁ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
“မနေ့က နမ့်ဆန်မြို့နယ် ဇယန်ကြီးအုပ်စု ပန်လောကျေးရွာနားမှာ ဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင် ဇန္နဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆက်ပြောသည်။
“၂၀ ရက်နေ့က ကျောက်မဲ တော်ဖယ်ရွာ တစ်နေရာဖြစ်တယ်။ နောက်တစ်နေရာက နမ့်ခမ်း နမ့်စိမ့်ကျေးရွာ အောက်ဖက်မှာ တစ်နေရာဖြစ်တယ်။”
တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများလည်း မိုင်းနင်းမိသည့် အခြေ အနေများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ရှမ်းမြောက်ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တောင်ပို့လို့ကျေးရွာတွင် ဇန္နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း ၉ နာရီ အချိန် ခန့်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ ယခုအခါ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ပြောသည်။
“သူ့ဒဏ်ရာတွေက ခြေထောက်မှာ လက်မှာ ခါးမှာ ဒဏ်ရာရထားတယ်။ အရမ်းမပြင်းဘူးဒဏ်ရာက စိုးရိမ်စရာ တော့မရှိပါဘူး၊ အခုသူက ကျောက်မဲပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။”
ထို့အပြင် တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်အတွင်းက ပန်နှီမ်းကျေးရွာ သားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်လုံး ကြေမွသွားခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။
TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက “လူနာက ဇန္နဝါရီလ ၂၀ ရက်နေ့က ကျောက်မဲဆေးရုံမှာ ပို့ဆောင် ထားတယ်။ သူ့ဒဏ်ရာက ပြင်းထန်တယ်။ မျက်နှာတွေမှာရော သူခြေထောက်တစ်ဖက်တော့ အောက်မှာက ကြေမွကုန်တယ်။ ခြေထောက်အတုတတ်ဖို့က ပြောရခက်တယ်။ လူနာကလည်း အတုတတ်ချင်လာ မတတ်ချင် ဘူးလာတော့ မသိသေးဘူး” ဟု ပြောသည်။
ယခုလ ၁၉ ရက်နေ့က နမ့်ဆန်မြို့နယ် အနောက်ကင်းအုပ်စုရှိ ဟိုလတ်ကျေးရွာတွင် မြန်မာ့တပ်မ တော် စစ်ကြောင်းတစ်ခုက ဝင်ရောက်ပြီး လက်နက်ကြီး/ငယ်များ ဖြင့် ပစ်ခတ်ခဲ့ခြင်းများပြုလုပ်ခဲ့သည့်အတွက် ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကာ၊ လူနေအိမ်အချို့ ၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင် ကျောင်းများ ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည်ဟု TWO က ထုတ်ပြန်ထားသည်။
တအန်း(ပလောင်) PSLF/TNLA အပါအဝင် ညီနောင်မဟာ ၃ ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ ရခိုင် (ULA/AA) တို့က ၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့က ကစတင်ပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထိ နှစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေငြာထားသော်လည်း ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု PSLF/TNLA က ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း တပ်မတော်ဘက်က ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု PSLF/TNLA က ဆက်ပြောသည်။
“တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက ကျနော်တို့ဘက်ကို စစ်တပ်က လာတိုက်လို့တိုက်ပွဲဖြစ်တာ ကျနော်တို့ ကလည်း အပစ်ရပ်ကြေညာချက်ထုတ်ထားတယ်၊ ကျနော်တို့၃ ဖွဲ့ပေါ့။ အပစ်ရပ် ၂ လထပ်မံတိုးထားတယ် ပြည်သူတွေလည်း ဒုက္ခရောက်နေတယ် အဲ့ဒါကြောင့် ကျနော်တို့ အပစ်ရပ်ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် စစ်တပ်က ကျနော်တို့ တပ်စခန်းတွေကို လာရောက်ပြီးတိုက်တယ်ဆိုတော့ ကျနော်တို့ ခုခံကာကွယ်ဖို့အတွက် တိုက်ပွဲပြန်ဖြစ်တာ”ဟု ဗိုလ်မှုးမိုင်းအိုက်ကျော် က ဆက်ပြောသည်။
၂၀၂၀ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ နမ့်ခမ်း၊ မန်တုံနှင့် နမ့်ဆန်မြို့နယ်တို့အတွင်းရှိ ကျေးရွာများ တွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိဟု ပြောသည်။
ယခုရက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းထုတ်ပြန်မှု မရှိသော်လည်း ရက်ပိုင်းအတွင်းက မူဆယ်မြို့နယ်အတွင်း အမည်မသိ အဖွဲ့အစည်း တစ်ခု ဝှက်ထားသော လက်နက်များကို ရှာဖွေ တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရက်သတ္တပတ် သုံးပတ်တာအတွင်း တပ်မတော်နှင့် PSLF/TNLA တို့အကြား တိုက်ပွဲအကြိမ်ရေပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ထို့အပြင် နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ တပ်မတော်ဘက်ကလည်း စစ်အင်အား တိုးချဲ့မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။