အမျိုးသမီး အခွင့်ရေးအတွက် ကချင် ပါတီနှင့် ကချင် အမျိုးသမီး အဖွဲ့ ပူးတွဲ တောင်းဆိုချက် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးနှင့် ပြည်နယ်အတွင်းရှိ အကြမ်းဖက်ခံ နေရသည့် အမျိုးသမီးများအတွက် ဆုံးရှုံးနေသည့် အခွင့်အရေးနှင့် ရပိုင်ခွင့် များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကောင်ထည်ဖော်ပေးရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နှင့် ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် (KSWN) တို့က သဘောထား ထုတ်ပြန် တောင်းဆိုလိုက်သည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီး ပိုမိုပါဝင်လာရေး ပြည်သူများအားလုံး သဘောပေါက်နား လည်စေရန် အသိပညာပေး လုပ်ငန်းများနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဖွဲ့စည်းပုံအဆင့်ဆင့်တွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိလာရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းထားသည်။

“ကျမတို့က ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ဆိုတာက ကျမတို့က ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်တွေမှာ အမျိုးသမီးပါဝင်ဖို့ဆိုတာမျိုး ကို ပြောပဲပြောနေတာပေါ့နော်။ တကယ် ပါဝင်နိုင်ဖို့ ပံ့ပိုးပေးဖို့တွေက လိုနေသေးတယ်။ အမျိုးသမီးတွေက နိုင်ငံရေးကို လုပ်ဖို့ လျော့နည်းနေတယ်။ နိုင်ငံရေးထဲမှာ ပါဝင်ဖို့လိုတယ်” ဟု KSWN ၏ စီမံကိန်းညှိနှိုင်းရေးမှူး ဆောင်ဝင်း ပြောသည်။

အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာနိုင်ရေးအတွက် လက်တွဲခေါ်ယူရန် လိုအပ်သည်ဟု ဆောင်ဝင်းက ဆက်ပြောသည်။

“အမျိုးသားတွေကလည်း အမျိုးသမီးတွေနိုင်ငံရေးကို စိတ်ဝင်စားလာဖို့ ကူညီပေးဖို့၊ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူးဆိုတာမျိုးတွေမဟုတ်ပဲ၊ တွန်းအားပေးဖို့၊ ဓလေ့ထုံးတမ်းအရလည်း မကန့်သတ် မခွဲခြားဖို့၊ အဲ့ဒါနဲ့ ဆက်စပ်ပြီးမှ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဆိုတာ လွှတ်တော်တို့၊ ပါတီတို့မှာ ပါသွားတဲ့အခါမှပဲ အဲ့ဒီမှာ အသံတွေပိုထွက်လာမယ်။ ပိုပြီးပါဝင်လာမယ်ပေါ့။ အဲ့ဒါကြောင့် ဒါကို ထည့်သွင်းထားတာပါ။ အမျိုးသမီးတွေက ပါဝင်ဖို့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် ခွဲခြားဆက်ဆံခံနေရတာတွေရှိနေသေးတယ်။” ဟု KSPP ပါတီကလည်း ပါတီတွင် အမျိုးသမီးများ ပိုမို ပါဝင်လာစေရန် မူဝါဒထားရှိကြောင်း KSPP ပါတီ၏ ဗဟိုအလုပ်အ မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူ က ပြောသည်။

“တကယ့် ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်၊ CEC နဲ့ အပေါ်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေမှာပါ အမျိုးသမီးတွေကို မျှမျှတတပါဖို့ပေါ့နော် အဲ့လိုမျိုးပါတီရဲ့ မူဝါဒထဲမှာရော၊ ပါတီရဲ့ Gender ပေါ်လစီမှာရော ထည့်ပြီး ရေးဆွဲထားတာပါ။ အခုက အမျိုးသမီးတွေက အရည်အချင်းဆိုရင်လည်း အမျိုးသားတွေနဲ့ ယှဉ်နိုင်နေပါပြီ”

ထို့အပြင် KSPP ပါတီတွင် အမျိုးသမီးပါဝင်မှုနှင့်ပတ်သက်၍ ရာခိုင်နှုန်း အတိအကျကန့်သတ်ထားခြင်းမျိုး မရှိသော်လည်း အမျိုးသမီးပါဝင်မှုကို အမြဲဖိတ်ခေါ်ထားသည်ဟု ဒေါ်ဒွဲဘူ က ဆက်ပြောသည်။

“ပူးတွဲထုတ်ပြန်ချက်မှာတော့ ၃၀ ရာခိုင်နှုန်းပြည့်မှီအောင် ကြိုးစားမယ်လို့ ထုတ်ပြန်ထားတယ်။ ပြီးရင် ကျမ တို့ ပါတီက Gender policy လည်း ဆွဲပြီးသွားပြီ။ အဲ့တော့ လောလောဆယ်ကတော့ အမျိုးသမီးပါဝင်မှု နှုန်းကတော့ ပေါ်လစီအရ နည်းနေတယ်။ ကျမတို့ကတော့ တိတိကျကျပါဝင်မှုကို သတ်မှတ်တာတော့ မဟုတ်ဘူး။ အဲ့ဒီထက်ပိုရင်လည်း ပိုပါစေ၊ အလွတ်သဘောပဲထားတာပါ။ အခုက ပါတီမှာက အမျိုးသမီးပါ ဝင်မှုက ဒီအပေါ်ပိုင်း အသက်ကြီးပိုင်းသာ ပါဝင်မှုက နည်းနေတာ။ လူငယ်ကော်မတီမှာကတော့ ၄၀ ရာခိုင် နှုန်းက အမျိုးသမီးပါဝင်မှုဖြစ်နေတယ်။ အဲ့ဒါကို တိတိကျကျသွားလုပ်လိုက်ရင် ရှိထားတဲ့ဟာကို ပြန်နှုတ်ရ မယ့် သဘောမျိုးဖြစ်သွားမှာစိုးလို့ပါ။”

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လွှတ်တော်နှင့် အခြား ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု နှုန်း မြှင့်တင်ရန်လိုအပ်နေသည် ဆိုသည့် အချက်ကို အတော်များများက အပြုသဘောလက်ခံထားကြသော် လည်း အကောင်အထည်ဖော်မှုအပိုင်းတွင် အားနည်းနေသေးသည်ဟု ကချင်ပြည်နယ် အမျိုးသမီးများ ကွန် ရက် (KSWN) က ပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှသာ ညီညွတ်ပြီး တရားမျှတသော ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင် မည် ဖြစ်သည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြထားကြသည်။

ကချင်ပြည်နယ်အတွင်းက အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအတွက် နားခိုရာ နေရာများနှင့် လုံ လောက်သည့် ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများ ထားရှိပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုက်တွန်း ခြင်းများနှင့် တပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးကို တိကျစွာအကာအကွယ်ပေးရန် ပြဌာန်း ထား သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူ စာချုပ်ဖြစ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် CEDAW ကို မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ထိုးထားသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မှုပိုင်းမှာ အတော်အားနည်းနေသေး သည့်အတွက်လည်း အမျိုးသမီးပါဝင်မှုကျဆင်းရခြင်းဖြစ်သည်ဟု ဆောင်ဝင်း က ဆက်ပြောသည်။

“စီဒေါ(CEDAW) ဆိုတာတွေရှိတယ်။ လက်မှတ်ရေးထိုးထားတယ်။ အမျိုးသမီးတွေ ပါဝင်ခွင့်ဆိုတာတွေ လည်းပါတယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ နားမလည်ကြသေးဘူး။ ပြီးရင် အမျိုးသမီးတွေကို အကြမ်းဖက်မှု မျိုးစုံကနေ ပပျောက်ဖို့ လုပ်ပေးရမယ်ဆိုတာမျိုး အစိုးရကိုယ်တိုင်က လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် အဲ့ဒါကို နားမည်တဲ့လူတွေ၊ မသိသေးတဲ့လူတွေ အများကြီးရှိနေသေးတယ်။ အဲ့ဒါကို သိဖို့အတွက်၊ ပိုပြီး မီးမောင်းထိုးဖို့ မသွေဖယ်ဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေကဖြစ်ဖြစ်၊ အမျိုးသမီးတွေမှာ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို ပိုပြီး နားလည်ပြီး အကောင်အထည်ဖော်ပေးကြဖို့ပါ။”

ထုတ်ပြန်ချက်ထဲတွင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ရှောင်များ အတွက် ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချ ထားရေး အစီအစဉ်များ ပြုလုပ်ရာတွင် စစ်ရှောင်များ၏ သဘောထား ဆန္ဒများအရ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီရန်လိုအပ် ကြောင်း ထောက်ပြထား သည်။

အလားတူ ၎င်းတို့အနေဖြင့်လည်း နေရပ်စွန့်ခွာနေရသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်များကို လည်း ရယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့ (ယမန်နေ့) က KSPP နှင့် KSWN တို့မှ အဖွဲ့ဝင် အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၈) ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့သော ဆွေးနွေးပွဲများ၊ တွေ့ဆုံမှုများမှတဆင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပိုမိုပါဝင်လာနိုင်ဖို့ ယခုကတည်းက စတင်ဆောင်ရွက်နေသည်ဟုလည်း ဒေါ်ဒွဲဘူက ပြောသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုး သမီး ကိုယ်စားလှယ် ၄၀၀ ခန့်၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ရှိခဲ့ရာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ရှိခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။