JMC-S တွင် မပါသည့်အတွက် ပဋိပက္ခဖြေရှင်းရာတွင် ကြန့်ကြာရသည်ဟု မွန်ပြည်သစ် ပါတီပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

မွန်ပြည်သစ်ပါတီသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် ပါဝင်ခြင်းမရှိသည့်အတွက် ပဋိပက္ခများ ဖြေရှင်းရာတွင် ကြန့်ကြာစေသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်အတွင်း နိုဝင်ဘာ လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တပ်မတော်၊ BGF ပူးပေါင်းတပ်တို့က ဝင်ရောက်နေရာယူခဲ့သည့် ကိစ္စရပ်များကို ဖြေရှင်းရာ အခက်အခဲရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်အောင်မငေး က “JMC-S မှာ မပါသေးတော့ အခက် အခဲတော့ရှိ တာပေါ့။ ဥပမာဆို ပြီးခဲ့တဲ့ ဂျပန်ရေတွင်းကိစ္စမှာ ကျနော်တို့ သွားချဉ်းကပ်တဲ့အခါကျတော့ နည်း နည်း အချိန်လင့် သွားတယ်။ အချိန်နောက်ကျသွားတယ်” ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန် ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြပြီး တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်နေရာယူထားသည့်ကိစ္စဆိုလျှင် JMC-S တွင် မပါ သည့်အတွက် ပြဿနာကို ချက်ချင်းမဖြေရှင်းနိုင်ခဲ့ဘူးလို့ နိုင်အောင်မငေး က ပြောသည်။

“ဥပမာ JMC-S မှာ မပါတဲ့အတွက်ကြောင့် တဆင့်ခံ ပြောရတာတွေ ချက်ချင်းချက်ချင်း မလုပ်နိုင်တာတွေ ဆိုတော့ ပြဿနာက တဆင့်ပြီးတဆင့် ထပ်ဖြစ်လာတဲ့ ကိစ္စတွေက ရှိလာတယ်။”

JMC-S တွင် မပါသေးသည့်အတွက် တပ်မတော်နှင့် ပြဿနာဖြစ်လျှင် တပ်မတော်နှင့် တိုက်ရိုက် ညှိနှိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဖြစ်လျှင် KNU နှင့် တိုက်ရိုက် ညှိနှိုင်းပြီး ဖြေရှင်းသည့်နည်းကို သုံးနေရကြောင်း အချိန်ကြန့်ကြာကြောင်း နိုင်အောင်မငေးက ဆက်ပြောသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီကို အစိုးရက မွန်ပြည်နယ် JMC-S တွင်သာ ပါဝင်ခွင့်ပေးပြီး ကရင်၊ တနင်္သာရီ JMC-S တို့တွင် ပါဝင်ခွင့်မပေးထားပေ။

မွန်ပြည်သစ်ပါတီအနေနှင့် မွန်၊ ကရင်၊ တနင်္သာရီ (JMC-S) ၃ နေရာစလုံးတွင် ပါဝင်နိုင်ရေး တင်ပြဆွေးနွေး ခဲ့ သော်လည်း နှစ်နှစ်နီးပါးရှိလာသည်ထိ ပြေလည်မှုမရှိသေးဘူးဟုလည်း မွန်ပြည်သစ်ပါတီ က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက်ဆိုကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ထိရောက်သည့် ဖြေရှင်းမှုများ မလုပ်ဆောင်နေသေးဘူးဟုလည်း ပြောသည်။

မွန်၊ ကရင်နှင့် တနင်္သာရီ JMC-S တို့တွင် ပါဝင်ခွင့်ရရန်၊ တပ်မတော်မှ သိမ်းယူထားသော တပ်တည်နေရာ အချို့အား ပြန်လည်လွှဲပေးရန်ကိစ္စတို့ကို ဆွေးနွေးတောင်းဆိုလာခဲ့သော်လည်း ပြေလည်မှုမရှိသေးဘူးဟုလည်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်များ ရှိသည်။