ရှမ်းမြောက်ဒေသတွင် မိုင်းကြောင့် ထိခိုက်သူ ၈ ဦး ရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုနှစ် ဇန္နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈ ဦးအထိ ရှိပြီဟု တအာင်းအမျိုးသမီး အဖွဲ့ TWO ကပြောသည်။

“ဒီတစ်လထဲမှာဆိုရင်တော့ စုစုပေါင်း ၈ ယောက်ရှိပြီ ဒဏ်ရာရတာပေါ့နော်။ နမ့်ဆန်မှာကတော့ တစ် ယောက်၊ ကျောက်မဲက ၆ ယောက် နမ္မတူ တစ်ယောက်ဆို ၈ ယောက်” ဟု တအာင်းအမျိုးသမီး အဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ လွေးချိဆငါးက ပြောသည်။

၂၀၂၀ ခုနှစ် ဇန္နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာမှ ၃ ဦး၊ တောင်ပလို့ကျေးရွာမှ ၁ ဦး၊ ပန်လော့ကျေးရွာမှ ၂ ဦး၊ နမ့်ဆန်မြို့နယ် ပန်နှိမ်း ကျေး ရွာမှ ၁ ဦး နှင့် နမ္မတူမြို့နယ်မှ ဒေသခံ ၁ ဦးဖြစ်သည်ဟု TWO က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန္နဝါရီလ ၃ ရက်၊ ၆ ရက်၊ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဇန္နဝါရီလ ၂၃ ရက်နေ့ (ယမန်နေ့) က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက် ၍ လွေးချိဆငါးက ယခုကဲ့သို့ ပြောသည်။

“သူတို့ ၃ ယောက်က တောင်ပေါ်မှာ တောင်ယာလုပ်တာပေါ့။ အဲဒီမှာ တောင်ယာခုတ်ဖို့ ထင်းခုတ်ဖို့သွားရင်းနဲ့ ဆိုင်ကယ် ၃ ယောက်တစ်စီး သွားနေတဲ့ အချိန်မှာပဲ သူတို့သွားတဲ့ လမ်းမှာပဲ ပေါက်ကွဲမှုဖြစ်သွားပြီးမှ ဒဏ်ရာ ကိုယ်စီရရှိကြတာ။”

အာဗြောင်ကျေးရွာမှ ဒေသခံရွာသားများဖြစ်သည့် မိုင်းကျော်ရွှင် အသက်(၂၇) နှစ်၊ မိုင်းကျော်လင်း အသက် (၂၈) နှစ်နှင့် မိုင်းမင်းနိုင် အသက် (၃၀) နှစ် တို့သည် ကျေးရွာအနီးတွင် ထင်းရှာရန်သွားစဉ် မိုင်းထိမိ ပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးထဲမှ ဒဏ်ရာ ပြင်းထန်သူ တစ်ဦးကို မန္တလေး ပြည် သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျန် ၂ ဦးကို ကျောက်မဲပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု TWO က ပြောသည်။

“သုံးယောက်စလုံးကတော့ ဒဏ်ရာ တော်တော်ပြင်းပြင်းတယ်။ တစ်ယောက်က ဘယ်ဖက်ခြေထောက် ကျိုး သွားတယ်။ နောက်တစ်ယောက်ကျတော့ ဗိုက်ကိုထိပြီးတော့ တစ်ချို့အူတွေထွက်လာတဲ့ အနေအထား ရှိတယ် အဲဒါ ကြောင့်မို့လို့ သူတို့မန္တလေး ဆေးရုံကို လွဲပေးလိုက်ရတယ်။ ကျန်တဲ့ တစ်ယောက်ကလည်း သူခြေ ထောက် တော်တော်ထိနေတယ်။ ခြေထောက်ထိတဲ့ ၂ ယောက်က ကျောက်မဲဆေးရုံမှာပဲ ဆေးကုနေတုန်း ကျန်တဲ့ ဗိုက်ထိတဲ့ တစ်ယောက်ကတော့ မန္တလေးဆေးရုံကိုလွဲထားတယ်” ဟု လွေးချိဆငါး က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ပိုမို များ ပြားလာသည့်အတွက် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံများ သွားလာ လုပ်ကိုင် စားသောက်သည့် နေရာများနှင့် ကျေးရွာအနီး တစ်ဝိုက်တွင် မိုင်းမထောင်ကြရန် ဒေသခံများ က တောင်းထား ဆို သည်။

ထို့အပြင် မိုင်းထောင်ထားသည့် လက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို နစ်နာ ကြေး များအဖြစ် ထောက်ပံ့မှု တစ်စုံတစ်ရာသော်လည်းကောင်း၊ ကုသမှု ပုံစံမျိုးသော်လည်းကောင်း၊ ပြန်လည် လုပ် ဆောင်ပေးစေလိုသည် ဟု TWO က တောင်းဆိုသည်။

မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ် နှင့် နမ္မတူမြို့နယ်တို့ တပ်မတော်အပါအဝင်၊ တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် အခြားသော ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နေရာများ ဖြစ်သည်။