ရှမ်းမြောက်ဒေသ မိုင်းအန္တရာယ် ပိုမိုကြီးမားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ယခုနှစ် ဇန္နဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့်ရှိ လာပြီး မြေမြုပ်မိုင်း အန္တရာယ်မှာ ယခုနှစ်အတွင်း ပိုမို စိုးရိမ်လာရသည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။
ထိခိုက်ဒဏ်ရာရသူ အများစုမှာ စစ်ရေးတင်းမာမှု ရှိသည့် ဒေသမှ ဒေသခံများဖြစ်သည်ဟု အိုမ်တမာဝ် လူမှုကူညီရေး အသင်း တာဝန်ခံက ပြောသည်။
“ဒီစစ်ဖြစ်တဲ့ နေရာ ပတ်ပတ်လည်မှာ ဆိုရင်တော့ ဒီရဲ့ ဒဏ်တွေ တော် တော် ခံ ရတယ်လို့ တွေ့ရတယ်။ တိုက်ပွဲဖြစ်တဲ့ တစ်ကြောတွေမှာ ဆိုရင် မိုင်းနင်းမိတဲ့ ရွာသားတွေ တော်တော်များတယ်။ အခု မနေ့ကထိတဲ့ နေရာဆိုရင်လည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်နေတယ်။ စစ်ရေးတင်းမာမှု ရှိတဲ့နေရာတွေ အဲဒီနေရာ တစ်ကြောတွေဆိုရင် သေချာတယ် ထိခိုက်ဒဏ်ရာ ရမှုတော့ တော် တော်များတယ်” ဟု ရှမ်းမြောက်အခြေစိုက် အိုမ်တမာဝ် လူမှုကူညီရေး အသင်းမှ ပြန်ကြားရေး တာဝန်ခံ မိုင်းဆမဲင်ရှိန်းက ပြောသည်။
ဇန္နဝါရီလ ၂၈ ရက် (ယမန်နေ့) က မြန်မာ့တပ်မတော်မှ လမ်းပြအဖြင့် ခေါ်ဆောင်သွားသည့် ဒေသခံ တစ်ဦးမှာ ကွင်းစလန်း ကျေးရွာအုပ်စုရှိ ကျောက်ဖြူ ကျေးရွာတွင် မိုင်းနင်းမိကာ ညာခြေထောက် ထိခိုက် ဒဏ်ရာရရှိခဲ့ သည့်အတွက် လားရှိုးပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းရှိ မိုင်းငေါ့မြို့နယ်ခွဲ ကွင်းစလန်း ကျေးရွာအနီး လက် ဖက်ခြံတွင် ထင်းရှာနေသည့် ဒေသခံ သားအမိ ၂ ဦးမှာလည်း မိုင်းနင်းမိကာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု အိုဝ်တမာဝ် လူမှုကူညီရေးအသင်းက ပြောသည်။
“မနေ့က မနက် ၁၀ နာရီ၁၅ မှာဖြစ်တာ ရွာနဲ့ တစ်နာရီလျှောက်ရတဲ့ နေရာပေါ့ သူတို့ လက်ဖက်ခြံမှာ နေတာကိုး အဲဒီလက်ဖက်ခြံကနေ သူတို့ ထင်းကောက်ဖို့ သွားတဲ့အချိန် သူတို့နေတဲ့ လက်ဖက်ခြံထိပ်မှာပဲ နင်းမိသွားတာ။”
ထိခိုက်ဒဏ်ရာ ရရှိထားသည့် သားအမိ ၂ ဦးကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် အခြေအနေနဲ့ ပတ်သက်၍ မိုင်းဆမဲင်ရှိန်းက ယခုလို ဆက်ပြောသည်။
“ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကတော့ ကလေးကတော့ နည်းနည်းလေးတော့ စိုးရိမ်ရတယ် သူကတော့ ခြေ ထောက် နှစ်ဖက်လုံးက အသားစတွေဆို ခြောက်လက်မလောက် တော်တော်လေးကွဲထွက်သွားတာမျိုး ရှိတယ် နောက်ထပ် ဒီဒူးခေါင်းမှာလည်း မိုင်းစလေးတွေ မှန်တယ် ပေါင်မှာလည်း မိုင်းစလေးတွေမှန်တယ် ပြီးတော့ ဒီအ ဆိုးဆုံးကတော့ ဒီညာဖက် ဂျိုင်းအောက်က နံရိုးထဲမှာ အဲဒီအဆံလေးတွေ ဝင်သွားတာ အဲဒါပို ခွဲစိတ်ရ တာ ပေါ့နော အဲဒါနည်းနည်း စိုးရိမ်ရတယ်။ ကလေးအမေ သူကတော့ ဒီခြေထောက် ညာဖက်ခြေ ထောက် ခြေသလုံးရယ် ပေါင်ရယ် ထိထားတောပေါ့နော သူက စိုးရိမ်စရာတော့ မရှိပါဘူး။”
ယခုလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူဦးရေ ပိုမိုများပြား လာနေသည်ဟု အိုမ်တမာဝ် လူမှုကူညီရေး အသင်းက ပြောသည်။
တစ်ဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံများကို နစ်နာကြေးများအဖြစ် ထောက်ပံ့မှု တစ်စုံတစ်ရာသော်လည်းကောင်း၊ ကုသမှု ပုံစံမျိုး သော်လည်း ကောင်း၊ ပြန်လည် လုပ်ဆောင်ပေးစေလိုသည် ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက တောင်းဆိုသည်။
“တစ်နေ့ထက် တစ်နေ့ တစ်လထက်တစ်လက ပိုပိုပြီးတော့ များလာတဲ့ အနေအထား ဖြစ်နေတယ်ဆိုတော့ ကျမတို့က ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ခုနက ပြောသလိုမျိုး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေအတွက်လည်း တစ်ချို့တွေဆို လုံး၀ အလုပ်ပြန်မလုပ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒါတွေကို ပြန်ပြီးတော့မှ သူတို့ကုစားပေး မှု ပြန်ပြီးမှ သူတို့မိသားစုအတွက် တစ်စုံတစ်ရာ ပြန်လည်လုပ်ဆောင်ပေးမှုတွေ လုပ်စေချင်တယ်။”
ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ် နေသည့်အတွက် ဒေသခံများမှာ ၎င်းတို့၏ လက်ဖက်ခြံသို့ သွားရောက်ရာတွင် စိုးရိမ်မှုများ၊ကြောက်စိတ်များ ပိုမိုဖြစ်ပေါ်လာသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခအတွင်းရှိ ဒေသခံပြည်သူများမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ် ရာ ရရှိမှု ပိုမိုခံစားလာရသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်များအနေဖြင့် ဒေသခံများ သွားလာ လှုပ်ရှား သည့် လမ်းများနှင့် လုပ်ကိုင်စားသောက်ရာ နေရာများတွင် မြေမြုပ်မိုင်း မထောင်ကြရန် ဒေသခံများမှ တောင်း ဆိုသည်။