ရခိုင်စစ်မျက်နှာ တောင်ပိုင်းသို့ ပြန့်၊ စစ်ဘေးရှောင် နှစ်သောင်းခန့်တိုးလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တိုက်ပွဲများ တောင်ပိုင်းဒေသသို့ ပြန့်နှံ့ဖြစ်ပွားလာခဲ့ရာ စစ်ရှောင်နှစ်သောင်းခန့် ထပ်တိုးလာသည်ဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိစာရင်းအရ ရခိုင်ပြည်နယ်အတွင်း စစ်ရှောင် ၉၈၀၀၀ ကျော်ရှိခဲ့ရာ၊ ၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့စာရင်းအရ ၁၀၆၆၁၄ ဦးရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများသည် ယခုအခါ ပြည်နယ်၏ တောင်ပိုင်းမြို့နယ်များအထိ ပြန့်လာပြီး နောက် ယခုကဲ့သို့ စစ်ရှောင်ဦးရေတိုးလာခြင်းဖြစ်သည်ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြော သည်။

“ကျနော်တို့ သေသေချာချာသတိထားမိတာကတော့ ၂၀၁၉ စက်တင်ဘာ၊ အောက်တို ဘာလလောက် ကနေ စပြီးတော့မှ AA နဲ့ အဆက်အသွယ်ရှိတဲ့ အဖွဲ့ဝင်တွေက ခြေကုတ်ယူနေတဲ့ အခြေအနေမျိုးပေါ့နော် အဲ့ဒီ အချိန်တွေတုန်းကတော့ တိုက်ပွဲတွေ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီ ၂၀၂၀ အစပိုင်း၊ ၂၀၁၉ အကုန်ပိုင်း လောက် ကနေစပြီးတော့မှ သိသိသာသာ တောင်ပိုင်းကို ကူးလာပါတယ်။ တောင်ပိုင်းကို စစ်ပွဲတွေ ကူး လာတဲ့ နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ အကြမ်းဖျင်း ၂၀၀၀၀ (နှစ်သောင်း) လောက်တိုးလာတယ်လို့ ပြောလို့ရတယ်။”

REC ၏ ဇန္နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည့် ဒုက္ခသည်စာရင်းထဲတွင် “ယခုတစ်ကြိမ်တွင် အမ်း၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ်များတွင် စစ်ဘေးသင့် အရေအတွက်နှင့် စစ်ဘေးရှောင် စခန်းများ ရှိလာသည်ကို သတိပြုသင့်ပါသည်” ဟုလည်း ထည့်သွင်းထားသည်။

ရသေ့တောင်မြို့နယ် မောင်ဖြူကျေးရွာ၊ ငစံကျေးရွာနှင့် ကျောက်ရံသာစည်ကျေးရွာတို့မှ ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့်မှာ ရေပုတ်ကျေးရွာသို့ ဇန္နဝါရီလ ၂၄ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကြောင်းဝင်လာလို့ ရွာသားတွေက ကျနော်တို့ ရေပုတ်ရွာကို ပြေးလာကြတာ။ တစ်ထောင်ကျော် လောက်ရှိတယ်။ ဒီ မောင်ဖြူတို့၊ ကျောက်ရံသာတို့က ရွာသားတွေပါ။ အခုထိမပြန်ရဲကြသေးဘူး။”

ထို့အပြင် မြေပုံမြို့နယ်ထဲကိုလည်း ယခုလ ၁၇ ရက်နေ့ခန့်က စစ်ဘေးရှောင် ၃၀၀ ကျော် ရောက်ရှိလာ သည်ဟု REC က ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ ရ ပြီး၊ ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားသိမ်ဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ကျောင်းဝင်းအတွင်းက က ကျောင်းသား ၇၀ ကျော်မှာလည်း စစ်ဘေးရှောင်စခန်းများတွင် သွားရောက် နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ကျောက်တော်ဒေသခံတစ်ဦးက “ဒီဇင်ဘာတုန်းက ဖြစ်ခဲ့တဲ့ မဟာကံထူးရှင် ဘုရားထဲ က ပစ်ခတ်တာတွေကြောင့် အဲ့က ရပ်နီးရပ်ဝေးကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသား ၇၀ လောက် က အခု စစ်ရှောင်စခန်းလိုနေရာမှာ နေနေရတယ်။ တပ်မတော်က စစ်ကြောင်းလည်း ဝင်ခဲ့တယ်လေ။ အခုဆို ကျောက်တော်မှာက နေ့တိုင်းလိုလို စစ်ဆေးမှုတွေ လုပ်တယ်။ မြို့ အဝိုင်းနားမှာရော၊ ကျောက် တော်-စစ်တွေလမ်းပေါ်မှာရောပေါ့ လူထုတွေကလည်း ကြောက်ကြတယ်။ စစ်ကြောင်းဝင်လာပြီဆိုတာ နဲ့ကို ကြောက်ကြတာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုအသစ်များနှင့် သွား လာခွင့် ကန့်သတ်မှုအသစ်များကြောင့် ပိုမိုစိုးရိမ်ရသည့် အခြေအနေများဖြစ်နေပြီး လူသားချင်းစာနာမှုဆိုင် ရာ အကူအညီများနှင့် အကာအကွယ်ပေးရေး အစီအစဉ်များ အရေးကြီးလိုအပ်နေ သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(မြန်မာ) UNOCHA Myanmar က ဇန္နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ကိုဇော်ဇော်ထွန်းက “အခုဆိုရင် စစ်ဘေးရှောင်စခန်းတွေထဲအထိ အကြမ်းဖက်တာတွေရှိလာ တယ်။ စစ်ရှောင်တွေလည်း ထပ်ပြီး တိုးလာနေတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုး ရရော ပူပန်ပေးတဲ့လက္ခဏာ၊ တစ်စုံတစ်ရာ ဝင်ရောက်ပြီးတော့ ဖြေရှင်းပေးတာတွေမတွေ့ရပါဘူး။ တော် တော်လေးကို စိတ်မကောင်းစရာပါ။ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

စစ်ဘေးဒုက္ခသည်စခန်းများတွင် ထောက်ပံ့ကူညီမှုများ လွန်စွာနည်းပါးလာခြင်း၊ လုံခြုံမှုအားနည်းခြင်း၊ အသစ်ရောက်လာသူများအတွက် နေရာထိုင်ခင်းမရှိတော့ခြင်းတို့ကြောင့် စခန်းများသို့ မရောက်လာတော့ ဘဲ အခြားသော အစီအစဉ်ဖြင့် ဖြစ်သလိုတိမ်းရှောင်ရသူများလည်း ရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။

ထို့အပြင် အချို့မှာ မူလရပ်ရွာတွင် ကျန်ရှိနေခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အိုးအိမ်များကို စောင့်ရှောက်ရန် ကျန်နေခြင်း၊ တိုက်ပွဲများအကြား ပိတ်မိနေခြင်းများလည်း များစွာရှိနေကြောင်း၊ အဆိုပါ လူဦးရေစာရင်များကိုလည်း တိကျစွာရယူရေး ခက်ခဲများရှိနေသည်ဟု သိရသည်။