မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

ယခုနှစ်ကျင်းပမည့် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် ပိုမိုထူးခြားသည့် အစီအစဉ် များဖြင့် ကျင်းပမည်ဟု မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးကော်မတီက ပြောသည်။

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း တစ်မြို့ နယ်စီဖြင့် အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ် ကျရောက်သည့် ဗဟိုအခမ်းအနားကို တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ငွေကျပ်သိန်း ၁၃၀၀ ခန့် အကုန်ကျခံပြီး ကျင်းပ သွားမည် ဖြစ်သည်။

“ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၄၅၀ ထောက်ပံ့ပေးထားပါတယ်၊ ကျန်ရှိတဲ့ ကျပ်သိန်း ၈၀၀ ကျော်ကို Sponsor ရယ်၊ ဆိုင်ခန်းငှားရမ်းခတွေရယ်၊ အလှူငွေတွေနဲ့ကံစမ်းမဲလက်မှတ် ရောင်းရငွေတွေနဲ့ဖြည့်သွားမှာဖြစ်ပါတယ်။ အကြမ်းဖျဉ်းကတော့ အဲ့ဒီလောက်မှန်းထားတယ်” ဟု မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီ ဥက္ကဌ မင်းဗညားစန်း က ပြောသည်။

ယခင်နှစ်များထက် ပိုမိုထူးခြားသည့် အစီအစဉ်အဖြစ် ထိုင်းနိုင်ငံမှ မွန်ယဉ်ကျေးမှုအဖွဲ့ လာရောက်ဖျော်ဖြေ သည့် အစီအစဉ်များ ရှိမည်ဖြစ်သလို မွန်သမိုင်း မွန်ရိုးရာယဉ်ကျေးမှုပြခန်းများ ခင်းကျင်းပြသသွားမည်ဟုလည်း မင်းဗညားစန်း က ပြောသည်။

မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားအတွက် အကြိုအနေဖြင့် စာပေပြိုင်ပွဲ၊ မာရသွန်ပြေးပြိုင်ပွဲ အစရှိသည့် လှုပ် ရှားမှုများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ တောက်လျှောက် လုပ်ဆောင်လျှက် ရှိနေ သည်ဟုလည်း မင်းဗညားစန်းက ဆက်ပြောသည်။

“မော်လမြိုင်မှာ မွန်အမျိုးသားနေ့အခမ်းအနားကို ခမ်းခမ်းနားနားနဲ့ မကျင်းပတာ အတော်ကြာပြီ ဒီနှစ်မှ ခမ်း ခမ်းနားနား ပြန်ကျင်းပဖြစ်တော့ မြို့ ဆိုတော့လည်း လူကစုံတယ်၊ မွန်တွေရှိသလို တခြားတိုင်းရင်းသားတွေ လည်း ရှိတယ်၊ ဒီလိုလူမျိုးစုံတဲ့နေရာမှာ မွန်အမျိုးသားနေ့ကို စည်စည်ကားကားနဲ့ ကျင်းပမယ်ဆိုတော့ မွန်တွေရဲ့ အကြောင်းကို အခြားတိုင်းရင်းသား အခြားလူမျိုးတွေလည်း လေ့လာခွင့်ရကြမယ်” ဟု မော်လမြိုင်မြို့ ခံ တစ်ဦး က ပြောသည်။

ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့ နယ်များ စုပေါင်းကာ ကျင်း ပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့ နယ်ဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ်တို့တွင် အလှည့်ကျကျင်းပလာခဲ့ရာ ၇၁ ကြိမ်မြောက်တုန်းက ကရင်ပြည်နယ် ဘားအံမြို့ နယ်ရှိ ဇာသ ပြင်ကျေးရွာတွင်လည်းကောင်း၊ ၇၂ ကြိမ်မြောက်တုန်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တို့တွင် ကျင်းပလာခဲ့ သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသား နေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ ယင်းနေ့ကို မွန်အမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြသည်။