နယ်စပ်ဒေသများ ကိုရိုနာ ဗိုင်းရပ်စ် စိုးရိမ်မှု မြင့်မား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်(Coronavirus) ရောဂါပိုးကြောင့် သေဆုံးသူနှင့် ကူးစက်ခံရသူ စိုးရိမ်ဖွယ်ရာ မြှင့်တက်လာနေသည့်တွက် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံပြည် သူများ စိုးရိမ် ထိတ်လန့်နေကြသည်။

ဇန္နဝါရီလ ၃၀ ရက်နေ့ (ယနေ့) အချိန်ထိ သေဆုံးသူ ၁၇၀ ဦးရှိပြီဖြစ်ပြီး တရုတ်အပါအဝင် အနည်းဆုံး နိုင်ငံပေါင်း ၂၀ က လူဦးရေ ၇၈၁၆ ဦးကို ကူးစက်နေပြီဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း က ပြည်သူများသည် ဝူဟန်ဗိုင်းရပ်ရောဂါပိုး ခေါ် အသက်ရှူ လမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ရောဂါပိုး အသစ် ဒေသ အတွင်းကူးစက်လာမည်ကို စိုးရိမ်နေကြသည် ဟု ပြောသည်။

မူဆယ်မြို့ က ဒေါ်ဘောက်ဘောက် က “ဒီမှာက တရုတ်နိုင်ငံနဲ့ နီးနီးလေးဆိုတော့ ပိုကြောက်တာပေါ့နော်။ လူများတဲ့နေရာတွေတောင် မသွားရဲဘူး။ တနေ့ကလည်း တရုတ်ကပြန်လာတဲ့လူနှစ်ယောက် အဖျားကြီး လို့ ဆေးရုံပို့ထားတယ် စောင့်ကြည့်နေတယ်ဆိုတော့ ပိုပြီးကြောက်လာတာ။ တော်သေးတယ် နောက်မှ သူတို့က ရိုးရိုးဖျားတာဆိုပြီး ဆေးရုံကပြန်ပြောမှ အလုံးကြီးကျသွားတယ်” ဟု ပြောသည်။ “ဒီမှာတော့ နယ်စပ်မြို့ဆိုတော့ ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ ပိုပြီးလုပ်နေတာ တွေ့တယ်။ လူတွေလည်း မျက်နှာ အဖုံး လေ ပါးစပ်မှာပိတ်တဲ့ဟာ ဒီ mask လား အဲ့ဒါတွေ တော်တော်များများသုံးနေကြပြီ။ ဒါပေမယ့် ကြောက် တာတော့ ကြောက်နေရတာပဲ။ တရုတ်တွေတော့ အဝင်အထွက် မရှိသလောက်ပဲ။”

မူဆယ်မြို့ နယ်စပ်အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အပူချိန်တိုင်းစက်များဖြင့် စမ်းသပ် စစ်ဆေးခြင်းများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့က ဒေသခံ အချို့လည်း social media များမှ သတင်းအချက်အလက်များကြောင့် ကြိုတင် ကာကွယ်သည့်အနေဖြင့် မျက်နှာဖုံးအကာ (mask)များ တပ်ဆင်ပြီး သွားနေကြသည်။

မြစ်ကြီးနားမြို့ ခံ တစ်ဦးဖြစ်သည့် ဒေါ်ဂျာမိုင်က “ဒီကူးစက်ရောဂါက လေထုမှာ ပြန့်ပွားနေတယ်ဆိုတာကို သိရလို့ ကာကွယ်တဲ့အနေနဲ့၊ ကြိုမသိထားရင် ဗုန်းဒိုင်းဆိုရင် ပိုအထိနာတာပေါ့နော်။ ဒါပေမယ့်ကိုယ်က ကြိုသိထားတဲ့အခါကြတော့ သိပ်မစိုးရိမ်ရပါဘူး။ အခု Mask တွေက ဆေးခန်းတွေ ဆိုင်တွေမှာ မေးရင် လည်း မရှိတော့ဘူး။ အခုက အားလုံးက ပြင်ဆင်ထားကြပြီ။ ဝယ်လည်း ဝယ်ထားကြပြီ” ဟု ပြောသည်။

မြစ်ကြီးနားမြို့ ဈေးထဲမှ ဈေးသည် မခင်ပြည့်က “လိုင်းပေါ်မှာ တွေ့နေရတယ်။ တောက် လျှောက်လွှင့်နေ တာလေ။ ဘယ်နိုင်ငံမှာ ဘယ်နှစ်ယောက်သေပြီ ဆိုတာ။ မြင်နေတွေ့နေရတယ်။ အဲလိုမျိုးတွေ့နေရတယ် ဆိုတော့လေ။ ဒီမှာ ရောက်လာမှာ ကြောက်တယ်။ အခုနကတောင်မှ အမျိုးသားက ဖုန်းဆက်နေတာ။ ကလေးတွေကို အသားငါးတွေမကျွေးနဲ့တဲ့ ဂရုစိုက်အုံးတဲ့” ဟု ပြောသည်။

မူဆယ်မြို့က နယ်စပ်ဂိတ်များ အပါအဝင်၊ ကချင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဆေးဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန က တာဝန်ရှိသူတွေပူးပေါင်းပြီး ကျန်းမာရေးစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြောသည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်(Coronavirus) ရောဂါပိုင်းသည် ကချင်ပြည်နယ်ထဲကို ရောက်နေပြီဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာန (တိုးချဲ့ ကာ ကွယ်ဆေး/ကူးစက်)က အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဇက်လွမ်းခေါင် က ပြောသည်။

“အခုလက်ရှိ ကချင်ပြည်နယ်မှာ ကချင်ပြည်နယ်မှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အခုထိ မတွေ့ရှိရသေးပါဘူး” ဟု ပြောသည်။ “ကျနော်တို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့လည်း နယ်စပ်ဒေသဝင်ပေါက်သုံးခုဖြစ်တဲ့ ကန်ပိုက်တီး၊ ဝိုင်းမော်မြို့နယ်၊ နောက်တစ်ခုက ပန်ဝါ၊ ချီဖွေမြို့နယ်၊ နောက်တစ်ခုကကျတော့ လွယ်ဂျယ်၊ မိုးမောက်မြို့နယ်မှာလည်း အရင်ကတည်းကနေ နယ်စပ်ဝင်လာတဲ့ဟာကို အဖျားကြည့်ရှုစောင့်ကြပ်ခြင်းကို လုပ်တယ်ပေါ့နော်။ အထက်ညွှန်ကြားချက်နဲ့ အညီ အဖျားကြည့်ရှုစောင့်ကြပ်ခြင်းကို အရှိန်အဟုန်နဲ့အညီ လုပ်ဆောင်နေပါတယ်။”

ဇန္နဝါရီလ ၃၀ ရက်နေ့ (ယနေ့) တွင် တရုတ်နိုင်ငံတွင် ၇၇၁၁ ဦး ကူးစက်ခံထားရပြီး ၁၇၀ ဦး သေဆုံးသွား ပြီဟု Channel News Asia သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ၁၄ ဦး၊ ဂျပန်နိုင်ငံတွင် ၁၁ ဦး၊ ဟောင်ကောင်တွင် ၁၀ ဦး၊ စင်ကာပူတွင် ၁၀ ဦး၊ ထိုင်ဝမ်တွင် ၈ ဦး၊ သြစတေးလျတွင် ၇ ဦး၊ မကာအိုတွင် ၇ ဦး၊ မလေးရှာနိုင်ငံတွင် ၇ ဦး၊ တောင်ကိုးရီးယားနိုင်ငံတွင် ၄ ဦး၊ ပြင်သစ်တွင် ၅ ဦး၊ ဂျာမဏီတွင် ၄ ဦး၊ အမေရိကန်နိုင်ငံတွင် ၅ ဦး၊ ကနေဒါတွင် ၃ ဦး၊ ဗီယက်နမ်တွင် ၂ ဦး၊ အာရပ်စော်ဘွားများနိုင်ငံ (UAE) တွင် ၄ ဦး၊ ကမ္ဘာဒီးယား၊ နီပေါ၊ သီရိလင်္ကာနှင့် ဖင်လန်တို့တွင် ၁ ဦးစီ ကူးစက်ခံထားရပြီဟု Channel News Asia သတင်းဌာနက ဆိုသည်။

လူသေဆုံးမှုနှင့် ကူးစက်ခံရမှု မြန်ဆန်လွန်းသည့်အတွက် ပိုမိုစိုးရိမ်သည်ဟု မြစ်ကြီးနား ဈေး ၁ ထဲက ရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်း “အခုကြောက်လို့ mask တော့ တပ်ထားရတာပေါ့။ အိမ်မှာက မြေးတွေရောရှိ တယ်လေ။ ပိုပြီးစိုးရိမ်တယ် တရုတ်နဲ့ကလည်းနီးတော့ ဘယ်အချိန်ရောက်လာမလဲပေါ့။ သတင်းတွေမှာ ပြောနေတာကလည်း ကြောက်စရာကြီး။ ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်လို့လေ။ တရုတ်ပြည်လို တိုးတက်တဲ့ နိုင်ငံတောင်မှ တော်တော်မှ မနိုင်သေးတာ” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်(Coronavirus) ခေါ် အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ရောဂါပိုးအသစ်နှင့် ပတ်သက် ၍ ကူးစက်ပုံကို အတိအကျ မတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါ ရောဂါပိုးကူးစက်ခံရပုံများအရ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းကတဆင့် တုပ်ကွေးရောဂါပိုးအပါအဝင် အခြားရောဂါပိုးများ လေထဲရောက် ရှိပြီး အသက်ရှူလမ်းကြောင်းမှ တဆင့် တိုက်ရိုက်ကူးစက်ပျံ့နှံ့စေခြင်နှင့် အရာဝတ္ထုများတွင် ထိကပ်နေ သည့် ရောဂါပိုးများကို လက်နှင့်ကိုင်တွယ်ထိတွေ့ရာမှ တဆင့် ကူးစက်နိုင်သည်ဟု ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခာများအပြင် ဖျားနာနေသည့် လူများနှင့် အနီးကပ်နေ ထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သည့် နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ အသားငါးများကို လည်း သေချာကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှ စားသောက်ရန်နှင့် လက်ကိုစင်ကြယ်အောင် ဆပ် ပြာ၊ ရေတို့ဖြင့် မကြာခဏဆေးပေးဖို့လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။