မွန်ပြည်သစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ တင်ပြခဲ့ဟု မွန်ပြည်သစ်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။

နိုင်ငံတော်၏ အတိုင်ပင်ခံနှင့်တွေ့ဆုံရာတွင် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ပိုင်ခွင့်ကိစ္စများ တင်ပြ ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

ထို့အပြင် မွန်အမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက် သတ်မှတ်ပေးရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီက NMSP က ပြောသည်။

ဇန္နဝါရီလ ၃၀ ရက် ယနေ့တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ NMSP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အာင်မငေး က “အဓိကကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ တင်ပြထားတဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စကို အကောင်အထည် ဖော်မှု မှာ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ရယ်။ နောက်စီးပွားရေးလုပ်ငန်းကို ကျနော်တို့တင်ပြ ထားတာ ရှိ တယ်လေ ဒါကိုလည်း ကူညီပံ့ပိုးပေးဖို့ရယ် ပြီးတော့ မွန်ပြည်နယ်မှာ ရှိတဲ့ အစိုးရ စာသင်ကျောင်းမှာ မွန်စာ ကို သင်ကြားပေးဖို့ ဒါခွင့်ပြုဖို့ရယ် နောက်တော့ မွန်အမျိုးသားနေ့မှာ တစ်ခြားတိုင်းရင်းသား ကရင်တိုင်းရင်းသား နည်းတူ ရုံးပိတ်ရက်တစ်ရက်ထားရှိဖို့ ဒါကိုလည်း ကျနော်တို့ တင်ပြကြတယ်။” ဟုပြောသည်။

အဆိုပါတွေ့ဆုံမှုအပြီး NRPC ၏ သတင်းထုတ်ပြန်ချက်ထဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံ သာက NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မူကို အပြည့်အဝထောက်ခံပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက် မရရှိသေးသည့် ကိစ္စရပ်များကို ကျော်လွှားရန် လိုအပ်ကြောင်း ဆွေးနွေးသည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည် သစ်ပါတီက NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်း ရင်းသားအရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ် ချက်များနှင့်အညီ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မွန်ဘာသာသင်ကြားရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်များ၊ မိသား စုဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်ဟု NRPC က ဆိုသည်။

ဒေသဖွံဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ NMSP ဖက်က အချက် ၂ ချက်ကို လုပ်ဆောင် ပေးရန် အဓိကထား တောင်းဆိုခဲ့သည်ဟု နိုင်အောင်မငေး ကပြောသည်။

“အဓိကက ကျနော်တို့ တောင်းဆိုတာ ၂ ခုရှိတယ်လေ ဥပမာ ရေးကနေပြီးတော့ ဘုရားသုံးဆူလမ်း ပိုင်းမှာ ကျနော်တို့ ၄၇ မိုင်ရှိတယ်။ အဲဒါကို အခုက ၁၇ မိုင် ကျန်သေးတယ်ပေါ့နော ကတ္တရာခင်းဖို့ အဲဒါကို ကျနော်တို့က အမြန်ဆုံး ခင်းပေးဖို့ တောင်းဆိုထားတာ တစ်ခုရှိတယ်။ နောက်တော့ ဗဟိုကိုသွားတဲ့ ဌာနချုပ် သွားတဲ့ လမ်းမှာ ပေါ့ အဲဒါက ဒီဖလံချောင်းဝကနေပြီးတော့ ညီဆား ဖနာဘွန်ရွာ အထိက ၁၄ မိုင်ရှိတယ် အဲဒါကိုလည်း ကျောက်ခင်းလမ်းပဲ ပြီးသေးတယ် အဲဒါကိုလည်းအမြန်ဆုံးလုပ်ပေးဖို့ ကြားမှာ ရှိတဲ့တံ တားတွေကိုလည်း ဆက်သွယ် ရေးလမ်းကြောင်း ချောမွေ့ဖို့အတွက် ဒါ ကျနော်တို့ အဓိကထား ပြီး တောင်းဆို တယ်ခင်ဗျာ။”

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖက်ကလည်း အဆိုပါ လမ်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး ကိစ္စရပ်များအတွက် ပြည်နယ် အစိုးရနှင့် ပြန်လည်ဆက်သွယ် မေးမြန်းရန်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) နှင့် ပြည်လည် ညှိနိုင်းရန် ပြောကြားခဲ့သည်ဟု NMSP က ဆိုသည်။

တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ ဒု-ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒု-ဥက္ကဋ္ဌ(၂) ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒု-ဥက္ကဋ္ဌ(၃) ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ အတွင်းရေးမှူး ဒု-ဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ကြသည်။

မွန်ပြည်သစ်ပါတီဘက်မှ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့် အတူ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နှင့် စစ်ဦးစီးချုပ် နိုင်ဗညာမဲ့စန်း တို့ တက်ရောက်ခဲ့ ကြသည်။